မလှိုင်မြို့အနီးတွင် ရွေးကောက်ပွဲလုံခြုံရေးအတွက် စစ်တပ် အထိုင်ချ၊ ဒေသခံတို့ တိမ်းရှောင်နေရ

ဓာတ်ပုံ-MOI
ပုံစာ- မလှိုင်မြို့ဈေး

တရားမဝင်ရွေးကောက်ပွဲ အပိုင်း၃ ပြုလုပ်မည့် မန္တလေးတိုင်း၊မလှိုင်မြို့အနီးရှိ ကျေးရွာများတွင် စစ်တပ်က အထိုင်ချ လုံခြုံရေးယူလိုက်သောကြောင့် ဒေသခံများ နေရပ်စွန့်ခွာ တိမ်းရှောင်နေရ ကြောင်း သိရသည်။

ဇန်နဝါရီ ၁၉ရက်မှစ၍ မလှိုင်မြို့ပေါ်မှ ထွက်လာသော အင်အား ၁၅၀ခန့်ပါ စစ်ကြောင်းသည် ပန်းအိုင်ရွာ၊ ကမ္ဘားဖြူရွာနှင့် ထန်းပင်ကောက်ကျေးရွာတို့သို့ ဝင်ရောက် တပ်စွဲထားကြောင်း လူထုသတင်းကွန်ယက် – မလှိုင်မြို့ထံက သိရသည်။

” တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ဝင်ရောက်တပ်စွဲတာပါ။ ပန်းအိုင်ရွာမှာကျ ဘုရားကြီးထဲမှာ အင်အား ၅၀ ခန့်တပ်စွဲထားပါတယ်။ ကမ္ဘားဖြူ ဘုန်းကြီးကျောင်းနှင့် ထန်းပင်ကောက်ကျေးရွာ စာသင် ကျောင်းမှာလည်း အင်အား၅၀ခန့်စီ တပ်စွဲထားပါတယ်။ ရွေးကောက်ပွဲကြောင့် ပြည်သူတွေကို အယုံသွင်းနေတာဖြစ်မယ်။ အထိုင်ချပြီးနောက်ပိုင်း ဖမ်းဆီးသတ်ဖြတ်တာမျိုးမရှိပါဘူး။ ရွာသားတွေလည်း အိမ်စောင့်လောက် ချန်ပြီး ရှောင်နေကြရတယ် ” ဟု လူထုသတင်းကွန်ယက် – မလှိုင်မြို့မှ တာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။

မလှိုင်မြို့နယ်အတွင်း ရွေးကောက်ပွဲမလုပ်နိုင်သည့် ကျေးရွာများအနက် ယင်းရွာ ၃ရွာလည်း ပါဝင်သော်လည်း မြို့နှင့်နီးကပ်သောကြောင့် ဝင်ရောက်တပ်စွဲခြင်းဖြစ်ကြောင်း သိရသည်။

“မြို့ပေါ်တော့ လုံခြုံရေးအပြည့်ပဲ။ မြို့အထွက်နေရာတိုင်းမှာ ကင်းပုန်းတွေချထားပါတယ်။ မြို့ထဲလည်း ( စစ်သား ) အယောက် ၃၀တစ်ဖွဲ့နဲ့ သွားလာ လှုပ်ရှားနေတာတွေ တွေ့ရှိရပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

ဇန်နဝါရီ ၁၉ရက်၊ နံနက်ပိုင်းက မလှိုင်မြို့မှ စစ်ကြောင်းထွက်လာစဉ် လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ကမ္ဘားဖြူ ကျေးရွာရှိ အိမ်ထဲနေနေသော အသက် ၄၀ ဝန်းကျင် အမျိုးသမီးတဦး ဦးခေါင်းထိမှန်သေဆုံးခဲ့ရပြီး အမျိုးသားတဦး ခြေထောက်ထိမှန် ဒဏ်ရာ ရရှိခဲ့သေးသည်။

ယင်းအထိုင်ချတပ်စွဲမှုကြောင့် ကမ္ဘားဖြူ၊ ထန်းပင်ကောက်၊ မြစ်ကျင်း၊ကံဦးနှင့် ပန်းအိုင် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ပန်းအိုင်ရွာသည် မလှိုင်မြို့နှင့် ၃မိုင်ခန့်အကွာတွင်တည်ရှိပြီး ကမ္ဘားဖြူနှင့် ထန်းပင်ကောက်ကျေးရွာတို့သည် တစ်မိုင်ခွဲခန့်အကွာတွင် တည်ရှိသည်။

တရားမဝင် ရွေးကောက်ပွဲအပိုင်း၃ကို ဇန်နဝါရီ၂၅ရက်တွင် ပြုလုပ်မည်ဖြစ်ပြီးမလှိုင်မြို့နယ်၌ ရပ်ကွက်၄ခုနှင့် ကျေးရွာအုပ်စု ၅၂ စုရှိသည့်အနက် ကျေးရွာအုပ်စု ၃၄စုတွင် ရွေးကောက် ပွဲမလုပ်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။