၂၀၂၅ခုနှစ်အတွင်း ရန်ကုန်မြို့ လမ်းမများပေါ် ရှိနေစဉ် ဖမ်းဆီးခြင်းခံရသည့် ပြည်သူ အယောက် ၈၄၀ရှိကြောင်း Rangoon Scout Network – RSN က သတင်းထုတ်ပြန်သည်။
တစ်နှစ်တာအတွင်း ရန်ကုန်တွင် စစ်တပ်၏ မတရာဖမ်းဆီးခြင်းခံရသူများအနက် ၂၀၃၅ဦး၏ ဖြစ်စဉ် ကို RSN က သိရှိခဲ့ပြီး ယင်းအနက် ၂၈၂ ဦးကို စစ်တပ်က ပြန်လွှတ်ပေးခဲ့ကြောင်း သိရကာ ၂၉၄ ဦးကို အကျဉ်းထောင်များနှင့် စစ်မှုထမ်းသင်တန်းကျောင်းများသို့ ပို့ဆောင်ခဲ့ကြောင်း ကျန်၁၄၅၉ဦး၏ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအခြေအနေကို မသိရှိကြောင်း RSN က ဆိုသည်။
လမ်းမပေါ် ဖမ်းဆီးခံရသူများနှင့် ပတ်သက်ပြီး RSNတာဝန်ရှိသူက “ပေါ်တာဆွဲတာတွေရော၊ ဘီယာ၊ အရက်တွေ သယ်လာတယ်ဆိုပြီး ဆွဲတာရော ပါပါတယ်ဗျ။ ဖမ်းပြီးတော့ ပိုက်ဆံတောင်းပါတယ်။ မပေးနိုင်ရင်တော့ စစ်မှုထမ်းဖို့ အကျပ်ကိုင်ပါတယ်ဗျ”ဟု MPAသို့ပြောသည်။
လမ်းမပေါ်ရှိနေစဉ် ဖမ်းဆီးခံရသူများမှာ လမ်းမပေါ် သွားလာနေစဉ် ဆွဲခေါ်ဖမ်းဆီးခံရသူ ၅၉၇ ဦး၊ လမ်းဘေးထိုင်နေစဉ် ဖမ်းဆီးခံရသူ ၁၇၂ ဦး၊ ဆိုင်ထိုင်နေစဉ် ဝင်ဖမ်းဆီးခံရသူ ၆၂ ဦးနှင့် ကားထဲထိုင်နေစဉ် ဖမ်းဆီးခံရသူ ၉ ဦးတို့ဖြစ်ကြောင်း သိရသည်။
RSN သိရှိသည့် တစ်နှစ်တာဖမ်းဆီးခံရသူ ၂၀၃၅ဦးထဲတွင် လမ်းမပေါ်ရှိနေစဉ် ဖမ်းဆီးခံရသူ၊ ရှောင် တခင်စစ်ဆေး ဖမ်းဆီးခံရသူ၊ ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးခံရသူ၊ ယာဉ်တားစီးပြီး ဖမ်းဆီးခံရသူ၊ ဖုန်းယူ စစ်ပြီး ဖမ်းဆီးခံရသူ၊ မြေငလျင်ဘေးအတွက် အလှူခံသဖြင့် ဖမ်းဆီးခံရသူ၊လိမ်လည်ဖမ်းဆီးခံရသူ၊ စစ်ရေးနှင့်နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံရသူတို့ပါဝင်ကြောင်း သိရသည်။
“လမ်းပေါ်လိုက်ဆွဲတာတွေက ၂၀၂၃ ခုနှစ်လောက်ထဲက ကြိုကြားကြိုကြား ရှိနေတာပါ။ ဒါပေမဲ့၊ ၁၀၂၇ စစ်ဆင်ရေးစတဲ့အချိန်မှာ တော်တော်ဆိုးသွားပါတယ်ဗျ။ အဲ့ကာလ တော်တော်လိုက်ဆွဲတာ ပါ။ အဲ့နောက် ၂၀၂၄ ခုနှစ်မှာ စစ်မှုထမ်းဥပဒေနဲ့ ပေါ်တင်နီးပါး လိုက်ဆွဲကြတော့တာပါပဲဗျ”ဟု ၎င်း ကဆက်လက်ပြောသည်။
ယခုနှစ်ဇန်နဝါရီတွင်လည်း ရန်ကုန်မြို့ လမ်းများပေါ် လူဖမ်းဆီးခြင်းမှာ ဆက်လက်ရှိနေဆဲဖြစ် ကြောင်း သိရသည်။
“ရွေးကောက်ပွဲ အပိုင်း ၁ လုပ်ချိန်လောက်မှာပဲ နည်းနည်း လျော့သွားတာပါ၊ အဲ့နောက်ပိုင်းမှာတော့ လိုက်ဆွဲတာ တွေကို ပုံမှန်လိုလိုကို ပြန်သိနေရပါတယ်ဗျ”ဟု ၎င်းက ပြောသည်။
၂၀၂၅ခုနှစ်အတွင်း သာကေတမြို့နယ်၌ အဖမ်းအဆီးဖြစ်စဉ်အများဆုံးရှိသည်ဟု သိရှိခဲ့ရပြီး စုစုပေါင်း ၁၅၃ ဦးရှိကာ မြောက်ဒဂုံတွင် ၁၁၂ ဦးနှင့်သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာ၊ အင်းစိန်၊ လှိုင်နှင့် တာမွေမြို့နယ်တို့တွင် လူ ၁၀၀ ဦးဝန်းကျင်စီ ဖမ်းဆီးခံခဲ့ရကြောင်း ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ လှိုင်သာယာ၊ အလုံ၊ သန် လျင်၊ ကမာရွတ်၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ ရွှေပြည်သာ၊ တောင်ဒဂုံနှင့် ရန်ကင်းမြို့နယ်တို့တွင် လူ ၅၀ မှ ၁၀၀ ကြားစီ ဖမ်းဆီးခံခဲ့ရကြောင်းကျန်မြို့နယ်များ၌ လူ ၁ ဦးမှ ၅၀ ကြားစီ ဖမ်းဆီးခံခဲ့ရ ကြောင်း RSN က ထုတ်ပြန်သည်။
