ကြံ့ဖွံ့ဂိုဏ်းစတား တင်ချို အမတ် မဖြစ်သဖြင့် မော်လမြိုင်မြို့ မြေအောက်စီးပွားရေးသမားများကြား ပွက်လောရိုက် ပြာယာခတ်နေကြောင်း သိရသည်။
မင်းအောင်လှိုင်ခန့် လက်ရှိမွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်း၏ တပည့်ရင်းဖြစ်သူ လာဘ်စားကြမ်းသည်ဟု နာမည်ကြီးနေသော တင်ချိုသည် မွန်ပြည်နယ်လွှတ်တော်၊ အချိုးကျကိုယ် စားပြု စနစ်(မဲဆန္ဒနယ်အမှတ်၁)တွင် ကြံ့ဖွံ့ပါတီ အမတ်လောင်းအဖြစ် တရားမဝင်ရွေးကောက်ပွဲ ဝင်ခဲ့ရာ ရွေးချယ်မခံရပေ။
“တင်ချိုက မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ်နဲ့ မြို့ပေါ်က ကေတီဗီ၊မာဆက်၊ဘိ၊ လောင်းကစား၊မူးယစ်ဆေး အဲဒါတွေအကုန်လုံးကိုကိုင်ထားတာ။လုပ်ငန်းရှင်တော်တော်များများက သူ့ဆီကနေတစ်ဆင့် ဝန်ကြီးချုပ်ဆီ လိုင်းကြေးတင်ရတာ။ဝန်ကြီးချုပ် အားအကိုးရဆုံးတပည့်။အခု PR အမတ်ရွေးခံရတဲ့ထဲ ပါမလာတော့ သူနဲ့ပေါင်းပြီးစီးပွားရှာနေတဲ့ကောင်တွေကြား ဗွက်ထနေ တယ်”ဟု မွန်ပြည်နယ်စစ်ကောင်စီအုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက MPAသို့ပြောသည်။
တရားမဝင်ရွေးကောက်ပွဲအလွန်ကာလ တရားမဝင်အစိုးရ တက်လာသည့်အခါ မွန်ပြည်နယ်ဝန်ကြီး ချုပ်အဖြစ် အောင်ကြည်သိန်းနှင့် မွန်ပြည်နယ်ဝန်ကြီးအဖြစ် တင်ချိုဖြစ်လာရန် မော်လမြိုင်မြို့ရှိ တရားမဝင်စီးပွားရေးသမားများက ရည်မှန်းခဲ့ကြသည်။
“ဝန်ကြီးချုပ်က သူ့တပည့်တင်ချို မပြိုင်ဘဲ နိုင်ရအောင်ဆိုပြီး PR ကနေ ဝင်ခိုင်းတာ။ သူလည်း ဝန်ကြီးချုပ်ဖြစ်၊တင်ချိုလည်း ဝန်ကြီးဖြစ်ပေါ့။အခုတင်ချိုကတော့ ပွဲပြီးသွားပြီ။ အောင်ကြည်သိန်း ကလည်း ဝန်ကြီးချုပ်ဆက်ဖြစ်၊မဖြစ် သေချာပေါက် မပြောနိုင်တဲ့အခြေအနေဆိုတော့ သူတို့နဲ့ပေါင်း စားနေတဲ့ကောင်တွေ တိုင်ပတ်နေတယ်”ဟု ၎င်းက ဆက်လက် ပြောသည်။
လက်ရှိတွင် တင်ချိုသည် မော်လမြိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်ပြီး မော်လမြိုင်မြို့နယ်ပြည် ခိုင် ဖြိုးပါတီဥက္ကဌလည်းဖြစ်ကာ မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှာ တင် ချို စိတ်ကြိုက်ခန့်ထားသည့် ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်ကြသည်။ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်ကြီးအုပ်ချုပ်ရေးမှူး တို့၏ တစ်လ တရားမဝင်ရသည့် ဝင်ငွေမှာ ကျပ်သိန်း၁၀၀ခန့်ရှိကာ လစဉ် တင်ချိုထံသို့ ကျပ်၅သိန်းမှ ၁၀သိန်းကျော်အထိ ဆက်ကြေးပေးရကြောင်း သိရသည်။
“တင်ချိုဆိုတာ အရင်တုန်းက ကြက်သမား။တိုက်ကြက်လည်းမွေးတယ်။တိုက်လည်းတိုက်တယ်။ အဲဒီကနေမှ အောင်ကြည်သိန်းဆွဲတင်လာလို့ ဒီနေရာရောက်လာတယ်။ငွေရှာတာကျွမ်းလို့ ဝန်ကြီး ချုပ် အားကိုးတာ”ဟု မော်လမြိုင်မြို့၊မုပွန်ရပ်နေ ကြံ့ဖွံ့ပါတီနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
မော်လမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှာ စားသောက်ဆိုင်၊ကေတီဗီဆိုင်၊အနှိပ်ခန်း၊ပြည့်တန်ဆာ ခန်း၊ချဲ၊မူးယစ်ဆေး၊လောင်းကစား၊ အိမ်ခြံမြေအရောင်း အဝယ်နှင့် စစ်မှုထမ်းကြေးတို့မှ တရားမဝင် ဝင်ငွေရရှိကြပြီး၂၀၂၄ခုနှစ်၊ ပွင့်လင်းရာသီမှစ၍ မော်လမြိုင်မြို့ပေါ်ရပ်ကွက်များ၌ ဇာတ်ပွဲသွင်းကာ လောင်းကစားဝိုင်းများခင်း ခွင့်ရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ဝင်ငွေပိုကောင်းလာကြကြောင်း သိရသည်။
မွန်ပြည်နယ်တွင် ကြံ့ဖွံ့ပါတီသည် ပြည်သူ့လွှတ်တော် ၅ နေရာ၊ အမျိုးသားလွှတ်တော် ၅ နေရာ (FPTP ၃ နေရာ၊ PR ၂ နေရာ)၊ ပြည်နယ်လွှတ်တော် ၉ နေရာ (FPTP ၆ နေရာ၊ PR ၃ နေရာ)နှင့် ဗမာတိုင်းရင်းသား တစ်နေရာ၊ ကရင်တိုင်းရင်းသား တစ်နေရာ စုစုပေါင်း ၂၁ နေရာ အနိုင်ရရှိခဲ့သည်။
