တရုတ်-မြန်မာနယ်စပ်တွင် စစ်ကော်မရှင်က သွင်းကုန်လိုင်စင် ပိတ်ပင်ထားသဖြင့် ကုန်စည်စီးဆင်းမှု ရပ်တန့်ကာ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေ

ဓာတ်ပုံ-လူမှုကွန်ရက်

တရုတ်-မြန်မာနယ်စပ်ရှိ ကုန်သည်အချို့မှာ စစ်ကော်မရှင်ထံမှ ကုန်သွယ်ရေးလိုင်စင် လျှောက်ထား၍ မရတော့ခြင်းကြောင့် နယ်စပ်ဂိတ်ဖြတ်ကျော်ရန် အခက်အခဲများ ကြုံတွေ့နေရပြီး၊ စစ်ကော်မရှင်ဘက်မှလည်း ဖမ်းဆီးစစ်ဆေးမှုများ တင်းကျပ်စွာ ပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

မူဆယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်တွင် စစ်ကော်မရှင်တပ်က ၎င်းတို့သတ်မှတ်ထားသည့် တရုတ်ထုတ်ကုန်ပစ္စည်းများမှအပ အခြားသော တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းများကို တရားမဝင်ပစ္စည်း အဖြစ် သတ်မှတ်ကာ ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“အရင်က လိုင်စင်လုပ်ပေးပေမဲ့ အခုနောက်ပိုင်းမှာတော့ လုံးဝမလုပ်ပေးတော့ဘူး။ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေက ဒေသခံတွေကိုပဲ ရွေးပြီးလုပ်ပေးတာ များတယ်။ လက်ရှိမှာတော့ တရားမဝင်ပစ္စည်း တိုက်ဖျက်ဖို့ လုပ်တာပါဆိုပြီး အကြောင်းပြနေတာ။ တကယ်တမ်း ကျွန်တော်တို့က လိုင်စင်မလုပ်ချင်တာ မဟုတ်ဘူး၊ သူတို့ကိုယ်တိုင်က လုပ်မပေးတော့တာပါ” ဟု ကုန်သည်အမျိုးသားတစ်ဦးက လက်ရှိအခြေအနေကို ရှင်းပြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ နယ်မြေအများစုကို တိုင်းရင်းသားလက်နက်ကိုင်တပ်များက ထိန်းချုပ်လိုက်ပြီးနောက်၊ စစ်ကော်မရှင်သည် နယ်စပ်ဖြတ်ကျော်ခွင့် လိုင်စင်များကို ထုတ်ပေးခြင်း မရှိတော့ဘဲ တရုတ်ဘက်မှ ဝင်လာသည့် ကုန်ပစ္စည်းများကို တရားမဝင်ပစ္စည်းများဟု စွပ်စွဲဖမ်းဆီးနေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ နယ်စပ်ဂိတ်ဖြတ်ကျော်ရန် ခက်ခဲနေသည့်အပြင် အခွန်အခကြေးငွေများမှာလည်း အဆမတန် မြင့်မားနေခြင်းကြောင့် ရှမ်းမြောက်ရှိ မြို့နယ်အချို့တွင် စက်သုံးပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်များမှာ ဈေးနှုန်းများ သိသိသာသာ မြင့်တက်လျက်ရှိသည်။

“အခုက နယ်စပ်ဂိတ်တွေမှာ လိုင်စင်လုပ်လို့ မရဘူးလို့ သိရတယ်။ ပြီးတော့ သူတို့ထိန်းချုပ်တဲ့ နယ်မြေကနေပဲ တရုတ်ထုတ်ကုန်တွေကို သယ်လို့ရမယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အခု တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဂိတ်တွေကနေ ဝင်လာတဲ့ ပစ္စည်းမှန်သမျှကို သူတို့က တရားမဝင်ဘူးလို့ သတ်မှတ်တယ်။ သူတို့ ထိန်းချုပ်နိုင်တာဆိုလို့ မူဆယ်ပဲ ရှိတော့တာလေ။ အဲဒီတော့ မူဆယ်ကလွဲရင် ဘယ်နေရာကမှ ပစ္စည်းသယ်ထွက်လို့ မရသလို ဝင်လို့လည်း မရဘူးဖြစ်နေတာ” ဟု မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

တရုတ်-မြန်မာနယ်စပ်မှ ဝင်လာသည့် ကုန်ပစ္စည်းများကို စစ်ကော်မရှင်တပ်က တင်းကျပ်စွာ စစ်ဆေးနေခြင်းကြောင့် ရှမ်းမြောက်မြို့များအပါအဝင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများသို့ တင်ပို့ရမည့် ကုန်ပစ္စည်းများနှင့် စက်ကိရိယာများမှာ လမ်းခရီးတွင် အခက်အခဲများစွာ ကြုံတွေ့နေရပြီး ကုန်ဈေးနှုန်းမှာလည်း အရင်ကထက် နှစ်ဆခန့် မြင့်တက်လာကြောင်း သိရသည်။

“တချို့ကလည်း ကားခတွေ ဈေးကြီးတယ်၊ ကုန်သည်တွေက ဈေးတင်ရောင်းတယ်လို့ ပြောကြတယ်။ တကယ်တမ်းတော့ ရောင်းတဲ့သူရော၊ ပစ္စည်းတင်တဲ့သူရော အခက်အခဲတွေ အများကြီး ရှိပါတယ်။ ဂိတ်တွေအများကြီးကို ကျော်ဖြတ်ရသလို အခွန်အခတွေလည်း အများကြီး ကုန်ပါတယ်။ နေရာတိုင်းမှာ ညှိနှိုင်းနေရတာ၊ တောင်းပန်နေရတာတွေ ရှိတော့ အရင်လို ပုံမှန်အခြေအနေကိုပဲ ပြန်ဖြစ်ချင်မိတယ်။ အဖမ်းအဆီးတွေကလည်း တဖြည်းဖြည်း များလာတော့ ပစ္စည်းအမျိုးအစားကို သေချာကြည့်ပြီးမှ တင်ရတဲ့အထိ ဖြစ်လာတယ်” ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

စစ်ကော်မရှင်သည် ယခု ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ နယ်စပ်ဂိတ်များနှင့် လမ်းကြောင်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များကို ပိုမိုတင်းကြပ်လာကာ ကားအမျိုးအစားများအပေါ် မူတည်၍ အခွန်ငွေ အမြောက်အမြား ပေးဆောင်ခိုင်းနေကြောင်းလည်း သိရှိရသည်။