ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ထိုင်းရဲကို သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးခဲ့သည့် သေနတ်သမားကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်တာဘောကိုယ်တိုင် ဖမ်းဆီးပြီး ထိုင်းအာဏာပိုင်းများထံ ယနေ့တွင် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်က ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ မဲကုကျေးရွာအုပ်စုရှိ တော့ပ်ဖောင် (Top Form) စက်ရုံနှင့် 7-Eleven ဆိုင်အနီးတွင် မြန်မာနိုင်ငံသားတစ်ဦးက ထိုင်းရဲတပ်ဖွဲ့ဝင်များကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါ ပစ်ခတ်မှုကြောင့် ရဲဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ထိုင်းရဲတပ်ဖွဲ့သည် နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် တရားခံပစ်ခတ်ခဲ့သည့် သေနတ်နှင့် ၎င်းဝတ်ဆင်ခဲ့သော ဘောင်းဘီတို့ကို သိမ်းဆည်းရမိခဲ့သော်လည်း တရားခံမှာ ဖမ်းဆီးရမိခြင်း မရှိဘဲ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်ကို ကျူးလွန်သူမှာ နဂါးကြီး(ခ) နိုင်လင်းအောင်- အသက် ၂၁ နှစ်ဖြစ်ပြီး သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး KNU ထိန်းချုပ်နယ်မြေအတွင်းသို့ ထွက်ပြေးကာ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်တာဘောထံ သွားရောက်အဖမ်းခံခဲ့သော်လည်း ဗိုလ်တာဘောက ထိုင်းအာဏာပိုင်များထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
ယနေ့တွင် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝမ်ကျေးရွာအုပ်စု၊ မဲကုန်းကဲန်ကျေးရွာ တွင် ဗိုလ်ဒါဘောက ထိုင်းအာဏာပိုင်များထံသို့ အပ်နှံလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ဗိုလ်တာဘောနှင့် ကော်ဘရာစစ်ကြောင်းက ဖမ်းဆီးရမိထားသည့် တရားခံကို ထိုင်းအာဏာပိုင်များထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်သည်။
ယခုဖြစ်ရပ်ကြောင့် မဲဆောက်ရှိ မြန်မာနိုင်ငံသားများအကြား စိုးရိမ်ပူပန်မှုများစွာ ဖြစ်ပေါ်ခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင်လည်း အခြားနိုင်ငံ၌ လာရောက်နေထိုင်ပြီး ရဲကိုပင် ပစ်ခတ်သည့် လုပ်ရပ်မှာ ရိုးသားစွာ လုပ်ကိုင်နေသည့် မြန်မာများကိုပါ အမြင်စောင်းခံရစေပြီး ပုံရိပ်ထိခိုက်စေနိုင်ကြောင်း ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
