မဲထွက်မပေးလျှင် ဖမ်းမည်ဟု မလှိုင်မြို့နယ်အတွင်းရှိ ပြည်သူများကို စစ်တပ်က ခြိမ်းခြောက်နေ ကြောင်း သိရသည်။
ဇန်နဝါရီ၂၅ရက်တွင် အတုအယောင်ရွေးကောက်ပွဲ အပိုင်း ၃ ပြုလုပ်မည့် မန္တလေးတိုင်း၊မလှိုင်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် ၄ ခုနှင့် ကျေးရွာအုပ်စု ၁၈ စုတို့၌ မဲရုံလုံခြုံရေးလာယူသည့် စစ်သားများက လိုက်လံခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း လူထုသတင်းကွန်ယက် – မလှိုင်မြို့ထံက သိရသည်။
” မြို့ထဲနဲ့ ကျေးရွာတွေမှာရော ခြိမ်းခြောက်ပြောဆိုနေကြတာ။ခုက လုပ်မယ့်ရွာတွေမှာ လုံခြုံရေး အကြောင်းပြပြီး စစ်သားနဲ့ပျူတွေ ရောက်နေကြပြီ။ မနေ့ညက မိတ္ထီလာဘက်ကနေ အင်အား ၅၀၀ ထပ်ရောက်ပြီး ရွာတွေကို လုံခြုံရေးဖြန့်ထားတယ်။ မြို့ပေါ်မှာလည်း အင်အား ၅၀၀ ရှိတယ်။ တစ်မြို့နယ်လုံးဆို အင်အား ၁၀၀၀ဝန်းကျင်ရှိတယ် ” ဟု လူထုသတင်းကွန်ယက် – မလှိုင်မြို့မှ တာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
မလှိုင်မြို့ပေါ်တွင်လည်း တစ်မြို့လုံးနီးပါး တပ်ဖြန့်ထားပြီး မဲရုံပတ်ဝန်းကျင်၌ လုံခြုံရေးချထားမှု ပိုမိုများပြားကြောင်း သိရသည်။
” ဒီနေ့(ဇန်နဝါရီ၂၃ရက်)ကစပြီး နေရာအနှံ့ လုံခြုံရေးတင်းကျပ်ထားတယ်။ မဲရုံဝန်းကျင်တွေမှာ ပိုစိတ်တယ်။ မဲရုံအနီး ကိုက်၅၀၀ လောက်ထိပေါ့။ မြို့ကကျဥ်းတော့ တစ်မြို့လုံးနီးပါးပါပဲ။ မြို့အခြေအထိ ပိတ်ဆို့ထားတာပေါ့။ အတင်းအကျပ်လမ်းပိတ်ထားတာတော့ မရှိသေးဘူး။ သွားလာလို့တော့ ရနေတယ်။ ကင်းပတ်တာမျိုးတော့ မရှိဘူး။ အခုက ပတ်စရာမလိုသလောက်ပဲ မြို့အနှံ့ချထားတာဆိုတော့” ဟု မြို့တွင်းအခြေအနေကို ၎င်းက ဆက်လက်ပြောသည်။
ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများမှာမူ မလှိုင်မြို့နယ်တွင်မရှိဘဲ မိတ္ထီလာမြို့သို့ သွားရောက်တိမ်းရှောင်နေကြကြောင်း သိရသည်။
မလှိုင်မြို့ပေါ်ရှိ ရပ်ကွက် ၄ ခုတွင် မဲရုံ ၂၀ ခန့်နှင့် ကျေးရွာအုပ်စု ၁၈ အုပ်စုတွင် မဲရုံ ၂၁ ရုံ ထက်မနည်း ဖွင့်လှစ်ထားသည်။
ဇန်နဝါရီ ၂၂ရက်မှစ၍ မလှိုင်မြို့နယ်တွင် ခရီးသွားယာဉ်များ သွားလာမှုကို ပိတ်ပင်ထားသော်လည်း လမ်းပိုင်းပိတ်ထားခြင်းမရှိသေးပေ။
မလှိုင်မြို့နယ်၌ ရပ်ကွက်၄ခုနှင့် ကျေးရွာအုပ်စု ၅၂ စုရှိသည့်အနက် ကျေးရွာအုပ်စု ၃၄စုတွင် ရွေးကောက် ပွဲမလုပ်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။
မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃ ခုနှစ် ထုတ်ပြန်မှုအရ မလှိုင်မြို့ပေါ်တွင် လူဦးရေ ၁၄၀၀၀ ကျော် နေထိုင်ကြောင်း သိရသည်။
