စစ်ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump အား နေပြည်တော်၌ လက်ခံတွေ့ဆုံပြီး ၎င်းတို့ကျင်းပခဲ့သည့် ရွေး ကောက်ပွဲအခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ယင်းတွေ့ဆုံမှုတွင် မင်းအောင်လှိုင်က ဇန်နဝါရီလ ၂၅ ရက်နေ့က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ထိုင်းနိုင်ငံမှ လေ့လာသူများ ပါဝင်ခဲ့မှုကို အသိအမှတ်ပြု ပြောဆိုခဲ့ပြီး ယင်းသည် ရွေးကောက်ပွဲ တရားဝင်မှုရှိစေရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ရှုမြင်ကြသည်။
စစ်ကော်မရှင် ဥက္ကဋ္ဌက မဲဆန္ဒရှင်ပြည်သူများသည် မည်သည့်တိုက်တွန်းချက်မှမပါဘဲ ၎င်းတို့၏ ကိုယ်ပိုင်သဘောဆန္ဒအလျောက် မဲပေးခဲ့ကြသည်ဟု ဆိုသော်လည်း၊ မြေပြင်တွင်မူ လူငယ်များကို စစ်မှုထမ်းရန် ခြိမ်းခြောက်ကာ မဲပေးခိုင်းခြင်းများ ရှိနေကြောင်း တက်ကြွလှုပ်ရှားသူများက တုံ့ပြန်လိုက်သည်။
နိုင်ငံရေးလေ့လာသူတစ်ဦးက “စစ်ကော်မရှင်အနေနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ထောက်ခံမှုကို ရယူပြီး ဒီအတုအယောင် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုလာအောင် ပုံဖော်နေတာပါ။ ဒါဟာ သူတို့ရဲ့ နိုင်ငံရေး ထွက်ပေါက်တစ်ခုပါပဲ” ဟု သုံးသပ်သည်။
ထို့ပြင် တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု ပြန်လည်ကောင်းမွန်လာစေရန် နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် နှစ်နိုင်ငံတပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က အလေးပေး ပြောဆိုခဲ့သည်။
လက်ရှိတွင် အဓိက နယ်စပ်ကုန်သွယ်ရေး ဂိတ်များနှင့် လမ်းကြောင်းများကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသဖြင့် စစ်ကော်မရှင်သည် ယင်းလမ်းကြောင်းများ ပြန်လည်ရရှိရေးအတွက် ထိုင်းအစိုးရ၏ အကူအညီနှင့် ထောက်ခံမှုကို အကြီးအကျယ် မျှော်လင့်နေခြင်း ဖြစ်သည်။
တက်ကြွလှုပ်ရှားသူများကမူ နယ်စပ်တည်ငြိမ်ရေးဆိုသည်မှာ စစ်ကော်မရှင်အတွက် နယ်မြေပြန်လည် စိုးမိုးရေးကို ဆိုလိုခြင်းဖြစ်ပြီး ယင်းသည် ပြည်သူများ၏ ဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ထောက်ပြကြသည်။
ဆွေးနွေးမှုအတွင်း အွန်လိုင်းလိမ်လည်မှု (Scam) နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်နေသည်ဟု မင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်းမှာလည်း ထိုင်းနိုင်ငံနှင့် နိုင်ငံတကာ၏ ဖိအားများကို လျှော့ချရန် ကြိုးပမ်းခြင်းသာ ဖြစ်သည်ဟု ဆိုကြသည်။
“Scam လုပ်ငန်းတွေဟာ စစ်တပ်နဲ့ နီးစပ်တဲ့ နယ်ခြားစောင့်တပ်တွေရဲ့ နယ်မြေထဲမှာ ရှိနေတာပါ။ အခုလို ထိုင်းသံအမတ်ကို ပြောပြတာကတော့ သူတို့ဘက်က ပုံရိပ်ကောင်းအောင် ဟန်ပြပြောဆိုတာမျိုးပဲ ဖြစ်ပါတယ်” ဟု နယ်စပ်အရေးလေ့လာသူတစ်ဦးက ပြောသည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နေကြောင်း ပြသနိုင်ရန် ထိုင်းနိုင်ငံကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ရေးအရ ထိတွေ့မှုများကို တောက်လျှောက် လုပ်ဆောင်နေခြင်း ဖြစ်သည်။
တွေ့ဆုံမှုအပြီးတွင် အမှတ်တရလက်ဆောင်များ လဲလှယ်ခဲ့ကြသော်လည်း ပြည်တွင်း၌ ရွေးကောက်ပွဲအပေါ် ငြင်းပယ်မှုများပြင်းထန်နေချိန်တွင် ထိုင်းနိုင်ငံ၏ သံတမန်ရေးရာ အခင်းအကျင်းက စစ်ကော်မရှင်အတွက် မည်မျှအထိ အကျိုးသက်ရောက်မည်ကို မေးခွန်းထုတ်စရာ ဖြစ်နေသည်။
မင်းအောင်လှိုင်၏ ထိုင်းသံအမတ်နှင့် တွေ့ဆုံမှုသည် အတုအယောင် ရွေးကောက်ပွဲပုံရိပ်ကို မြှင့်တင်ရန်နှင့် ဆုံးရှုံးသွားသော နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ရရှိရန်အတွက် အိမ်နီးချင်းနိုင်ငံ၏ ထောက်ခံမှုကို ရယူရန် ကြိုးပမ်းသည့် ဗျူဟာမြောက် လုပ်ရပ်တစ်ခုသာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
