၂၀၃၀ ပြည့်နှစ်အထိ မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့နိုင်ခြင်းမရှိဟု EIU သုံးသပ်

ဓာတ်ပုံ-လူမှုကွန်ရက်

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် လာမည့် ၅ နှစ်တာကာလအတွင်း အဆိုးရွားဆုံးအခြေအနေကို ဆက်လက်ရင်ဆိုင်ရဖွယ်ရှိပြီး၊ အာဏာမသိမ်းမီ ၂၀၁၉ ခုနှစ်က ရှိခဲ့သော စီးပွားရေးပမာဏသို့ ပြန်လည်ရောက်ရှိရန် ၂၀၃၀ ပြည့်လွန်နှစ်များအထိ စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း Economist Intelligence Unit (EIU) မှ ထုတ်ပြန်လိုက်သော နောက်ဆုံးရအစီရင်ခံစာအရ သိရသည်။

စစ်ကော်မရှင်က ကျင်းပခဲ့သည့် ၂၀၂၅-၂၆ အတုအယောင်ရွေးကောက်ပွဲသည် စစ်တပ်ကျောထောက်နောက်ခံပြု USDP ပါတီ အနိုင်ရရှိရေးနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတရာထူးရယူနိုင်ရေးအတွက်သာ ရည်ရွယ်ထားခြင်းဖြစ်ကြောင်း EIU က သုံးသပ်ထားသည်။

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ၅ နှစ်နှင့် လက်ရှိရွေးကောက်ပွဲပြီးနောက် နောက်ထပ် ၅ နှစ်တာကာလအတွင်း စီးပွားရေးက ဘယ်လိုမှ ပြန်လည်ဦးမော့မလာနိုင်ဘူး။ ပြည်တွင်းက လုပ်ငန်းရှင်တွေဟာ အမြတ်ထက် လုပ်ငန်းတွေ မပြိုလဲသွားအောင်ပဲ ရုန်းကန်နေကြရတာ” ဟု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက မှတ်ချက်ပြုသည်။

အဆိုပါ ရွေးကောက်ပွဲရလဒ်ကို တရုတ်နှင့် အိန္ဒိယကဲ့သို့သော အိမ်နီးချင်းနိုင်ငံအချို့က အသိအမှတ်ပြုနိုင်သော်လည်း၊ အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများကို လျော့ကျသွားစေမည်မဟုတ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၆ ခုနှစ်အတွင်း ပြည်တွင်းစစ်မီး ဆက်လက်တောက်လောင်နေဦးမည်ဖြစ်ပြီး စစ်ကော်မရှင်အနေဖြင့် နိုင်ငံနယ်မြေ၏ ၃ ပုံ ၁ ပုံခန့် (ရန်ကုန်၊ နေပြည်တော်နှင့် မြေပြန့်ဒေသအချို့) ကိုသာ တည်ငြိမ်စွာ ထိန်းချုပ်ထားနိုင်မည်ဟု ခန့်မှန်းထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့်လည်း နိုင်ငံနယ်မြေ၏ ၃ ပုံ ၁ ပုံခန့်ကို မြေပြင်တွင် လက်တွေ့ထိန်းချုပ်ထားနိုင်မည်ဟု EIU က ဆိုသည်။

“အာဏာမသိမ်းခင်က တက်နေတဲ့စီးပွားရေးဟာ အာဏာသိမ်းပြီးနောက် အောက်ဆုံးကို ပြန်ရောက်သွားခဲ့တယ်။ ငွေဈေးဖောင်းပွလာသလို ကုန်သွယ်မှုလမ်းကြောင်းတွေလည်း ပိတ်ဆို့ကုန်တယ်။ စစ်အုပ်စုနဲ့ ပနံသင့်တဲ့ လုပ်ငန်းရှင်တွေပဲ စီးပွားဖြစ်လာပြီး နအဖ (သန်းရွှေခေတ်) ကလို ခရိုနီလက်သစ်တွေ အများကြီး ထွက်လာဦးမယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

၂၀၂၆ ခုနှစ်အတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုနှုန်း (Inflation) သည် ၂၀ ရာခိုင်နှုန်းအထက်တွင် ဆက်လက်ရှိနေမည်ဖြစ်ရာ ပြည်သူများ၏ စားဝတ်နေရေး ကျပ်တည်းမှုမှာ ဆက်လက်တည်ရှိနေဦးမည်ဖြစ်သည်။

မြန်မာကျပ်ငွေတန်ဖိုးသည် ဆက်လက်ကျဆင်းနိုင်ပြီး စစ်ကော်မရှင်က သွင်းကုန်များကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထိန်းချုပ်ခြင်းဖြင့် ငွေလဲနှုန်းကို ထိန်းထားရန် ကြိုးစားနေသော်လည်း မှောင်ခိုဈေးကွက်တွင် ဈေးနှုန်းမတည်ငြိမ်မှုများ ဆက် လက်ဖြစ်ပေါ်နေဦးမည်ဟု EIU ကဆိုသည်။

လျှပ်စစ်မီးပြတ်တောက်မှု ပြဿနာသည်လည်း လာမည့်နှစ်များအထိ ဆိုးရွားစွာ ဆက်လက်ဖြစ်ပေါ်နေမည်ဟု ခန့်မှန်းထားသည်။

“ရွေးကောက်ပွဲပြီးလို့ စစ်အုပ်စုက တင်မြှောက်လိုက်တဲ့ စစ်တစ်ပိုင်းအစိုးရ တက်လာရင် လူထုရဲ့ လုံခြုံရေးအားနည်းမှုတွေ ပိုများလာနိုင်သလို နည်းပညာအရ ဖိနှပ်ခံရမှုတွေလည်း ပိုမိုများပြားလာနိုင်တယ်။ လူ့အခွင့်အရေး လုံးဝမလွတ်လပ်တဲ့ မြောက်ကိုရီးယားနိုင်ငံသာသာလောက်ပဲ ဖြစ်သွားနိုင်တယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာ့အရေးတွင် လက်တွေ့ကျသည့် (Pragmatic) ချဉ်းကပ်မှုကို ကျင့်သုံးလျက်ရှိပြီး နယ်စပ်တည်ငြိမ်ရေးနှင့် ၎င်း၏အကျိုးစီးပွား ကာကွယ်ရေးအတွက် စစ်ကော်မရှင်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့်ပါ ဆက်ဆံလျက်ရှိကြောင်း အစီရင်ခံစာက ဖော်ပြသည်။

EIU ၏ သုံးသပ်ချက်အရ မြန်မာနိုင်ငံသည် ၂၀၂၆-၂၀၃၀ ကာလအတွင်း အာဆီယံဒေသတွင်း စီးပွားရေးအဆိုးရွားဆုံးနိုင်ငံ ဖြစ်လာဖွယ်ရှိပြီး၊ ပြည်သူများအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုဒဏ်ကို ကာလရှည်ကြာ ဆက်လက်ခံစားရဖွယ် ရှိနေသည်။

EIU (Economist Intelligence Unit) သည် ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး အလားအလာများကို ကြိုတင်ခန့်မှန်းတွက်ချက်ပေးသည့် နိုင်ငံတကာအသိအမှတ်ပြု သုတေသနအဖွဲ့အစည်းတစ်ခု ဖြစ်သည်။