ယမန်နေ့( ဇန်နဝါရီ ၂၇ ရက်) နံနက်အစောပိုင်းတွင် မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး တိုင်းမှူးနေအိမ် ထိမှန်ပျက်စီးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) နှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တွင် စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယတြာချေရန်အတွက် နန်းတွင်း၌ တည်းခိုနေထိုင်စဉ်နှင့် တိုက်ဆိုင်နေကြောင်း သိရှိရသည်။
သတင်းရင်းမြစ်များ၏ အဆိုအရ စစ်ကော်မရှင်ဥက္ကဋ္ဌသည် မင်းဝတ်တန်ဆာများ ဝတ်ဆင်၍ နန်းတော်ရှေ့ မင်္ဂလာတံတားမှနေ၍ “ပြည်တော်ဝင်” ယတြာချေရန် စီစဉ်ထားခြင်းဖြစ်သည်။
တော်လှန်ရေးအင်အားစုများက ထိုသတင်းကို ကြိုတင်ရရှိခဲ့သဖြင့် ညတွင်းချင်း စီစဉ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအပြီးတွင် စစ်ကော်မရှင်တပ်များက လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်ခြင်း၊ မင်းကွန်းတောင်ရိုးဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် စစ်ကိုင်း၊ ဝက်လက်မြို့နယ်များတွင် တိုက်လေယာဉ်များ ပျံဝဲစေခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
ထိုကဲ့သို့ တိုက်ခိုက်မှုဖြစ်ပွားသည့်နေ့တွင်ပင် ရန်ကုန်မြို့၊ သန်လျင်ရေတပ်လေ့ကျင့်ရေးဌာနချုပ်၌ ကျင်းပသည့် အရာရှိငယ်သင်တန်းဆင်းပွဲသို့ စစ်ကော်မရှင်ဥက္ကဋ္ဌ ကိုယ်တိုင်တက်ရောက်ရမည့်အစား ၎င်း၏ကိုယ်စား ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းကိုသာ စေလွှတ်ခဲ့ခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် အရေးပါသည့် သင်တန်းဆင်းပွဲအခမ်းအနားများကို စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်လေ့ရှိသော်လည်း ယခုကဲ့သို့ လူစားထိုးစေလွှတ်ခြင်းမှာ နန်းတွင်းတိုက်ခိုက်ခံရမှုကြောင့် လုံခြုံရေးအရ စိုးရိမ်ထိတ်လန့်သွားခြင်းဖြစ်သည်ဟု ယူဆချက်များ ထွက်ပေါ်နေသည်။
“စစ်ခေါင်းဆောင်ရဲ့ VVIP လုံခြုံရေးပိုင်းမှာ ကြီးမားတဲ့ ချို့ယွင်းချက်ရှိနေတာကို ပြတာနေတာပဲ၊ အလုံခြုံဆုံးလို့ ယူဆထားတဲ့ နန်းတွင်းထဲ တိုက်ခိုက်ခံရတယ် အဲ့ဒီတော့ စစ်ခေါင်းဆောင်က ရန်ကုန်သွားမယ့် ခရီးပါ လုံခြုံရေးအရ ယုံကြည်မှု ကင်းမဲ့သွားပြီးတော့ သူ့ကိုယ်စား ရေချုပ်ကို အစားထိုး တက်ခိုင်းလိုက်ပုံရတယ်” စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
ယခုကဲ့သို့ မန္တလေးနန်းတွင်း စစ်ကော်မရှင်ဥက္ကဌ မင်းအောင်လှိုင်ရောက်ရှိနေမှုကို တော်လှန်ရေးတပ်ဖွဲ့မှ သတင်းအချက် ရရှိခဲ့မှုသည် စစ်တပ်အတွင်း မင်းအောင်လှိုင်ကို မလိုလားသူများရှိနေခြင်းကို မီးမောင်းထိုးပြသလိုက်ခြင်းပင်ဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိသည်။
“မင်းအောင်လှိုင်က ယတြာကို အရမ်းယုံတဲ့သူဖြစ်တယ်။ သူကိုယ်တိုင် ယတြာချေမယ့်အချိန် တိုက်ခိုက်ခံရတော့ နိမိတ်မကောင်းဘူးလို့ ယူဆပြီး လူလုံးမပြရဲဘဲ ပုန်းခိုနေတာဖြစ်နိုင်တယ်။ ဒီအချက်ကတော့ စစ်တပ်အတွင်းပိုင်းမှာ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုအပေါ် သူတို့တပ်သားတွေ သံသယပိုမြင့်လာစေနိုင်တယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။
မန္တလေးနန်းတွင်း တိုက်ခိုက်ခံရမှုသည် စစ်ကော်မရှင်၏ အဓိက အမာခံနယ်မြေများကို တော်လှန်ရေးအင်အားစုများက ထိုးဖောက်နိုင်စွမ်းရှိလာသည်ကို သက်သေပြလိုက်ခြင်းပင်ဖြစ်ကာ၊ ဤအခြေအနေကြောင့် စစ်ခေါင်းဆောင်သည် လုံခြုံရေးအရ စိုးရိမ်စိတ် လွန်ကဲလာကာ အရေးကြီးသည့် နိုင်ငံတော်အဆင့် အခမ်းအနားများကိုပင် ကိုယ်တိုင်မတက်ရောက်နိုင်တော့သည့် အဆင့်သို့ ရောက်ရှိသွားခြင်းဖြစ်ကြောင်း နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူများက ဆိုသည်။
“သန်လျင်ရေတပ်သင်တန်းဆင်းပွဲကို ထိန်ဝင်း၊ ကိုကိုဦး၊ ကျော်ကိုထိုက်နဲ့ စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင် အမျာစု တက်ရောက်ခဲ့ပေမယ့် မင်းအောင်လှိုင်ကတော့ ပျောက်ကွယ်နေတာက သူ့ရဲ့ ကြောက်စိတ်အတော်ကြီးသွားတာကို ပြတာဖြစ်နိုင်တယ်။ ဒါမှ မဟုတ် နန်းတွင်း အတိုက်ခံရတဲ့ ဖြစ်စဉ်မှာ သူ ထိခိုက်မှုရသွားတာလား အဲ့ဒါကတော့ ယူဆချက်ပါ ကျိန်းသေတာကတော့ မင်းအောင်လှိုင် အတော်စိုးထိတ်သွားတယ်ဆိုတာ အခုဖြစ်စဉ်က သက်သေပဲလေ” ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
တော်လှန်ရေးအင်အားစုများဘက်ကမူ ဤတိုက်ခိုက်မှုသည် စစ်ရေးအရ အောင်မြင်မှုတစ်ခုသာမက စစ်ကော်မရှင်၏ စိတ်ဓာတ်ရေးရာကိုပါ ကြီးမားစွာ ထိုးနှက်နိုင်ခဲ့သည်ဟု ယူဆကြပြီး စစ်ခေါင်းဆောင်ကိုယ်တိုင် လုံခြုံရေးအရ ရှောင်ပုန်းနေရသည့် အခြေအနေသည် လက်အောက်ခံ တပ်သားများအကြားတွင် ခေါင်းဆောင်အပေါ် ယုံကြည်ကိုးစားမှု ကင်းမဲ့စေသည့် အဓိကအချက် ဖြစ်လာမည်ဟု သုံးသပ်ကြသည်။
သန်လျင်ရေတပ်ပွဲသို့ လူစားထိုးစေလွှတ်ခဲ့ရခြင်းသည် စစ်ကော်မရှင်ဥက္ကဋ္ဌအတွက် စစ်ရေးနှင့် သံတမန်ရေးအရ အရှက်ရစေသည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ကာ နိုင်ငံတော်အဆင့် အခမ်းအနားများသို့ ကိုယ်တိုင်မတက်ရဲတော့သည့် ခေါင်းဆောင်တစ်ဦး၏ အနာဂတ်မှာ အဘက်ဘက်မှ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူက ထောက်ပြသည်။
