တရားမဝင် ရွေးကောက်ပွဲအပိုင်း၂ပြုလုပ်ခဲ့သည့် ၉၄မြို့နယ်အတွင်း ကြံ့ဖွံ့ ပြည်သူ့လွှတ်တော် အမတ်လောင်းတို့ရရှိသည့် ကြိုတင်မဲ စုစုပေါင်းသည် အခြားပါတီများနှင့် တစ်သီးပုဂ္ဂလများ စုစုပေါင်းရရှိခဲ့သည်ထက် တစ်သိန်း ကျော် သာနေသေးကြောင်း Data for Myanmar က ထုတ်ပြန်သည်။
၉၄ မြို့နယ်ရှိ ကြံ့ဖွံ့ ပြည်သူ့လွှတ်တော်အမတ်လောင်း ၉၄ဦးတို့ ရရှိသည့် ကြိုတင်မဲစုစုပေါင်းမှာ ၂ သိန်း၆သောင်းကျော်(၂၆၈,၈၇၆)ရှိပြီး ယင်း၉၄မြို့နယ်အတွင်း အခြားပါတီများနှင့်တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်အမတ်လောင်း ၃၆၆ဦး ရရှိသည့် ကြိုတင်မဲစုစုပေါင်းမှာ တစ်သိန်းကျော်(၁၀၁, ၃၇၀)ဖြစ်ကြောင်း သိရသည်။
“သတင်းတွေအရဆို ရွေးကောက်ပွဲအပိုင်းတစ်တုန်းက ပါတီတချို့က ပွင့်လင်းမြင်သာမှုမရှိတဲ့ ကြို တင်မဲတွေအကြောင်း မင်းအောင်လှိုင်နဲ့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြခဲ့တယ်။ဘာမှ ပြန်မလုပ် ပေးဘူး။မလုပ်ပေးလို့ဆိုပြီး ပါတီတွေက ထပ်ပြီး စောဒက မတက်ရဲကြတော့ဘူး။ဘာပဲဖြစ်ဖြစ် အခု တော့ တရားမဝင်ရွေးကောက်ပွဲပြီးသွားပြီ။မင်းအောင်လှိုင်က လွတ်လပ်တယ်၊မျှတတယ်လို့ အသိအမှတ်ပြုပေးလိုက်တယ်။တရုတ်ကလည်း ဂုဏ်ပြုပေးလိုက်တယ်”ဟု မုံရွာအခြေစိုက်တက်ကြွလှုပ်ရှား သူတစ်ဦးက MPAသို့ပြောသည်။
ယင်း၉၄ မြို့နယ်အတွင်း ကြံ့ဖွံ့ရရှိသည့် ခိုင်လုံမဲစုစုပေါင်း၏ ၁၄ဒဿမ၆၅ရာခိုင်နှုန်းမှာ ကြိုတင်မဲများ ဖြစ်ပြီး အခြားပါတီများနှင့်တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်အမတ်လောင်းတို့ ကြိုတင်မဲရရှိမှုမှာ ၄ ဒဿမ ၃၁ ရာခိုင်နှုန်းဖြစ်သည်။
ထူးခြားချက်အနေနှင့် ဖရူဆိုမြို့နယ်တွင် ကြံ့ဖွံ့အမတ်လောင်း ရရှိသည့် ခိုင်လုံမဲအနက် ကြိုတင်မဲ ၇၄ရာခိုင်နှုန်း၊ ဒီးမော့ဆိုမြို့နယ်တွင် ကြိုတင်မဲ ၅၄ရာခိုင်နှုန်း၊ တနင်္သာရီမြို့နယ်တွင် ကြိုတင်မဲ ၄၅ ရာခိုင်နှုန်း၊ ပေါက်ခေါင်းမြို့နယ်တွင် ကြိုတင်မဲ ၄၈ရာခိုင်နှုန်း၊ ပန်းတောင်းမြို့နယ်တွင် ကြိုတင်မဲ ၄၂ရာခိုင်နှုန်း၊ ရေးမြို့နယ်တွင် ကြိုတင်မဲ ၄၅ရာခိုင်နှုန်းနှင့် ကိုကိုးကျွန်းမြို့နယ်တွင် ကြိုတင်မဲ ၄၁ ရာခိုင်နှုန်းရရှိခဲ့ကြောင်း Data for Myanmar ကဆိုသည်။
အခြားပါတီ ကိုယ်စားလှယ်လောင်းများက မဲရုံမဲအရ အနိုင်ရခဲ့သော်လည်း ကြိုတင်မဲအရေအတွက် တွင် မယှဉ်နိုင်သဖြင့် ကြံ့ဖွံ့ ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့ရသည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် များမှာ နတ်မောက်၊ကလောနှင့် မိုင်းပန်မြို့နယ်တို့ဖြစ်သည်။
