စစ်ကော်မရှင်၏ တရားမဝင် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီမှတ်ပုံတင်ခဲ့သော်လည်း သတ်မှတ်ပါတီဝင်လူဦးရေ မပြည့်မီဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်မှုကြောင့် ပါတီဖျက်သိမ်းခဲ့ရသည့် အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီသည် အခွင့်ရေးရှိပါက ပြိုင်ချင်သေးသည်ဟု ယနေ့(စက်တင်ဘာ ၁၀ရက်)တွင် ထုတ်ပြန်ထားသည်။
ယမန်နေ့က စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က NDF ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။
NDF ပါတီသည် တရားမဝင်ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည့်ပါတီဖြစ်ပြီး စစ်ကော်မရှင်ရွေးကောက်ပွဲကော်မရှင် သတ်မှတ်ချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည် အနည်းဆုံး ပါတီဝင်ဦးရေ ငါးသောင်းရှိရမည်ဟုဆိုထားခြင်းဖြစ်သည်။
NDF ပါတီ၏ထုတ်ပြန်ချက်၌ စက်တင်ဘာ ခုနှစ်ရက်မတိုင်မီ ပါတီဝင်လူဦးရေ ၈၈၈၂၀ ဦးနှင့် မြို့နယ်ရုံးခန်း ၁၁၇ရုံးကိုပေးပို့တင်ပြသော်လည်း ရွေးကောက်ပွဲကော်မရှင်က ပါတီဝင်ဦးရေပြည့်မီခြင်းမရှိသည့်အတွက် NDF ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်ဟု ဆိုထားသည်။
ထို့ပြင် အခွင့်အရေးရှိပါက ယခု တရားမဝင်ရွေးကောက်ပွဲ၌ ဆက်လက်ပါဝင်ခွင့်ရရန် ကြိုးပမ်းနေပြီး အသွင်ကူးပြောင်းရေးကဏ္ဍတွင် ဆက်လက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
NDF ပါတီ သည် စစ်အာဏာသိမ်းမှုကို တိုက်တွန်းခဲ့သည့် ပါတီဖြစ်ပြီး ယင်းပါတီဥက္ကဌဟောင်းမှာ NLD ပါတီမှ ခွဲထွက်ခဲ့သည့် ဦးခင်မောင်ဆွေဖြစ်ပြီး လက်ရှိ ဥက္ကဌအဖြစ်တာဝန်ယူထားသူမှာ ဦးသာဆိုင်ဖြစ်ပြီး၊ ဒုတိယဥက္ကဌအဖြစ် ဒေါ်စန္ဒာမင်းက တာဝန်ယူထားခြင်းလည်းဖြစ်သည်။
