လက်လွှတ်ထားရသည့် မြ၀တီမြို့တောင်ဘက်ရှိ စစ်စခန်းများပါ ပြန်လည်ရရှိရန် စစ်ကော်မရှင် စစ်ကြောင်းထိုးနေ

ဓာတ်ပုံ-Cobra
ပုံစာ- လေးကေ့ကော်ရှိ စခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ပြီးမြင်ကွင်း(ပုံအဟောင်းအားအသုံးပြုထားသည်)

စစ်ကော်မရှင်က သင်္ဃန်းညီနောင်အပါအဝင် အာရှလမ်းကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် လက်လွှတ်ထားရသည့် မြ၀တီမြို့နယ်တောင်ဘက်ရှိ စစ်စခန်းများ ပြန်လည်ရရှိရေးအတွက် အပြင်းအထန်စစ်ကြောင်းထိုးနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်များထံမှ စုံစမ်းသိရှိရသည်။

အင်အားရာချီရှိသည့် စစ်ကြောင်း ၎င်းတို့၏ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF/KNA နှင့် DKBA အကူအညီ ဖြင့် လေးကေ့ကော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စတင်စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

“ဒီသင်္ဃန်းညီနောင်ကျပြီး သူတို့မြို့ထဲရောက်လာတဲ့နေ့ကပဲ ဒီဘက်(တောင်ဘက်)ကို လက်နက်ကြီး ပစ်နေတာ၊ အခုအဲဒီဘက်ကို စစ်ကြောင်းတွေ ဝင်သွားတာ ၃ ရက်မကတော့ဘူးထင်တယ်။ လေးကေ့ကော်အနား လောက်ရှိ နေပြီထင်တယ်” ဟု လေးကေ့ကော်တွင် နေထိုင်သည့် CDM ဝန်ထမ်းတစ်ဦးက MPA ကို ပြောသည်။

စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ယနေ့(စက်တင်ဘာလ ၁၀)ရက်အထိ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခြင်း မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

မြဝတီမြို့တောင်ဘက် ၄ မိုင်အကွာရှိ စစ်ရေးဗျူဟာမြောက်အရေးပါသည့် လက်ခတ်တောင်ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်လိုက်ပြီးဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။

သို့သော် KNU အပါအဝင် တော်လှန်ရေးအင်အားစုများက ယင်းအခြေအနေနှင့်ပတ်သက်ပြီး သတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။

“စစ်တပ်က အသာလေးပဲ ပြန်ယူသွားတယ်လို့ သိထားတယ်၊ ဘာလို့ဆိုတော့ စစ်တပ်တခုတည်းမဟုတ်ဘူး၊ အားလုံးသိနေတာပဲလေ၊ နောက်ကွယ်ကနေ စောချစ်သူတို့အဖွဲ့တွေကအစ ပါလာတော့ ဒီဘက်က အထိအခိုက် မခံတော့ဘဲ ပြန်ဆုတ် လိုက်တဲ့သဘောလို့ ထင်တယ်” ဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်တဦးက ပြောသည်။

ယခုအခြေအနေတိုင်းသွားပါက ကရင်ပူးပေါင်းတပ်များ ပေးဆပ်မှုများစွာဖြင့် တိုက်ခိုက်သိမ်းပိုက်ရရှိထားသည့် စခန်းများအားလုံး လက်လွှတ်ပေးနိုင်ရသဖြင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ သေချာဆုံးဖြတ်ရန် အချိန်တန်ပြီး ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မြဝတီမြို့တောင်ဘက် လေးကေ့ကော်၊ သေ့သောဘိုး၊ ရွှေအေးမြိုင်၊ ထိုးကျိုး၊ ဖလူး၊ ကနဲလေး၊ ဝေါလေ အစရှိ သည့် စစ်ရေးအရ အရေးပါသည့်စခန်းများနှင့် သောင်းရင်းမြစ်တလျှောက် စခန်းများကို ကရင်ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ထားသည်။

“ခုတော့ သူတို့(စစ်အုပ်စု)က လက်ခတ်တောင်အနားရောက်နေတယ်၊ သူတို့က သေ့ဘောဘိုးတို့ အရှေ့ဘက်ကို ဆက်သွားမှာလား၊ ဘယ်လိုလဲတော့ မသိသေးဘူး” ဟု ယင်းနယ်မြေတွင် လှုပ်ရှားနေသည့် တော်လှန်ရေးရဲဘော် တစ်ဦးက ပြောသည်။

ယခုအခြေအနေကြောင့် မြဝတီမြို့တောင်ဘက် ကျေးရွာများမှ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

စစ်ကြောင်းမထိုးခင်ရက်ပိုင်းအလိုတွင် မြဝတီမြို့အခြေစိုက်တပ်ရင်းနှင့် သင်္ဃန်းညီနောင်အခြေစိုက်တပ်ရင်းမှ ဒရုန်း၊ လက်နက်ကြီးအပါအဝင် လေကြောင်းမှ ပစ်ကူပေးခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

“သုံးရက်၊ လေးရက်ရှိပြီး လက်နက်ကြီးတို့ လေယာဉ်ပျံနဲ့ လာပစ်တယ်၊ ပြီးတော့ စစ်ကြောင်းထိုးလာတယ်တဲ့ အခု ရွာတော်တော်များများက ထွက်ပြေးနေရတယ်၊ တိုက်ပွဲကတော့ မဖြစ်သေးဘူး” ဟု စစ်ရှောင်အမျိုးသားတစ်ဦးက ကို ပြောသည်။

စစ်ကော်မရှင်က မဲကနယ်၊ နိုဖိုး၊ ထီးမူးထ၊ မယ်ထော်သလေး၊ မေတ္တာလင်းမြိုင်ကျေးရွာမှတဆင့် ဖလူး၊ လေးကေ့ကော်ဘက်ကို စစ်ကြောင်းထိုးလာနေသည်ဟု ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် မြဝတီမြို့တောင်ဘက် လေးကေ့ကော်၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ ဖူး၊ ထီးမယ်ဝါးခီး၊ ဘဲဟိကလော်၊ ရသေ့ဂူ၊ မင်းလက်ပံရွာ၊ ဘဲဟိကလော် အစရှိသည့်ကျေးရွာများမှ ဒေသခံထောင်ချီ ထွက်ပြေး တိမ်းရှောင်နေရသည်။

“ကျတော်တို့လည်း လူစာရင်းကောက်ယူဖို့ အခက်အခဲရှိနေတယ်၊ ပျမ်းမျှမရှိဘူးဆိုရင် ထောင်ဂဏန်း လောက်ရှိတယ်။ ပြေးတယ်ဆိုတာက စစ်ကြောင်းအခြေအနေပေါ်မူတည်ပြီး အရှေ့ရွာဝင်နေပြီးဆိုရင် အဲဒီနား ရွာကလူတွေတော့ နီးစပ်ရာရွာ ဒါမဟုတ် တောတောင်ထဲ ရှောင်နေကြတာမျိုးပါ။ အခြေအနေ အရမ်းဆိုးလာရင် ဒီဘက် ထိုင်းဘက်ကို ရှောင်လာကြတယ်ပေါ့” ဟု ယင်းနယ်မြေတွင် စစ်ရှောင်အကူအညီပေးနေသူတစ်ဦးက ပြောသည်။

လက်ရှိ စစ်ရှောင်အများစုသည် ထိုင်း-မြန်မာနယ်စပ်သောင်းရင်းမြစ်ဘေးတွင် တိမ်းရှောင်နေရပြီး နေထိုင်ရန် အမိုးအကာများနှင့် လတ်တလော စားသောက်ရေးအတွက် ဒေသတွင်းအဖွဲ့အစည်းများနှင့် စေတနာရှင်အချို့ ကူညီ ထောက်ပံ့နေသော်လည်း လိုအပ်ချက်များစွာ ရှိနေကြောင်း ၎င်းက ဆက်ပြော သည်။

နိုင်ငံရေးလေ့လာသူတစ်ဦးက စစ်အုပ်စုသည် မြဝတီမြို့တွင် ရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရေး အတွက် ယင်းနယ်မြေအနီးတဝိုက်တွင် KNU အပါအဝင် တော်လှန်ရေးအစုအဖွဲ့များ မရှိစေရေး အပြင်းအထန် စစ်ကြောင်းထိုးနေခြင်း ဖြစ်ကြောင်း ၎င်း၏အမြင်ကို ပြောသည်။

“ရှင်းရှင်းပြောရရင် မြဝတီမြို့ဘေးနားကပ်လို့မရအောင်၊ ဒီအနီးအနား တော်လှန်ရေးအဖွဲ့တွေ မရှိနေအောင် တခါတည်းကို မောင်းထုတ်လိုက်တဲ့ပုံစံပေါ့၊ အဲဒါမှလည်း ရွေးကောက်ပွဲကို အဆင်ပြေစွာ ကျင်းပနိုင်မယ်လို့ မျှော်လင့်ထားပုံရတယ်၊ ပြီးတော့ နယ်စပ်ကို အပြည့်အဝထိန်းချုပ်ချင်တာပေါ့ ” ဟု ၎င်းက ပြောသည်။

လက်ရှိ စစ်အုပ်စုသည် မြဝတီမြု့တွင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စနှင့် အသိပညာပေးလုပ်ငန်းများ BGF/KNA ၊ DKBA အကူအညီများဖြင့် စတင်လှုပ်ရှားနေပြီးဖြစ်ကြောင်း မြို့ခံ တချို့က ပြောသည်။