မြစ်ကြီးနားရှိ ရွှေဆိုင်ကို KIA နှင့် PDF ဓားပြတိုက်ဆိုသော သတင်းအမှား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ရွှေဆိုင်တစ်ဆိုင်ကို KIA နှင့် PDF များ ဓားပြဝင်တိုက်ဆိုသော သတင်း အကြောင်းအရာ စစ်ကောင်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။

“KO CHIT (MDY)” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၈ ရက် ည ၇ နာရီ ၄၄ မိနစ်တွင် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ ရွှေဆန်းလီရွှေဆိုင်ကို KIA နှင့် PDF များက ဓားပြတိုက်သွားကြောင်း ကို CCTV မှတ်တမ်းဖိုင်နှင့်တကွ ဖြန့်ဝေထားသည်။ မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/mMzqJ

အဆိုပါအကြောင်းအရာသည် စက်တင်ဘာ ၁၀ ရက် နေ့လည် ၁ နာရီအချိန်ထိ ဝင်ရောက်ကြည့်ရှုသူ ၆၂,၀၀၀ ကျော်၊ Reaction ပေးသူ ၁၉၀ ကျော် ရှိနေပြီး “Kyaw Swar, Ko Thet” နှင့် အခြား တယ်လီ ဂရမ်ချန်နယ်များလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှု များပြားနေသည်။

Kyaw Swar – https://archive.ph/XSglh
Ko Thet – https://archive.ph/ToTd9

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရ သည်။

သတင်းစိစစ်ချက်

ပျံ့နှံ့နေသော CCTV ရုပ်သံဖိုင်ကို InVID Video verification Tools ဖြင့် စစ်ဆေးကြည့်ရာ “Khit Thit Media” တွင် ဖော်ပြထားသောရုပ်သံနှင့် ထပ်တူညီနေသည်။

Khit Thit Media တွင် စက်တင်ဘာ ၈ ရက် နေ့လည်ပိုင်းက မြစ်ကြီးနားမြို့ ၊ အောင်နန်းရပ်ကွက်ရှိ ၊ ရွှေဆန်းလီရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းများ ပါသွားကြောင်း၊ ရွှေဆိုင်သို့ ဆိုင်ကယ်ဖြင့် လူသုံးဦး လာရောက်ကာ ပစ္စတိုသေနတ်ကိုင်ဆောင်ပြီး လုယက်သွားခြင်း ဖြစ်ကြောင်း၊ လုယက်သူများကို ဖမ်းမိခြင်း မရှိသေးကြောင်း ဖော်ပြထားသည်။ အပြည့်အစုံဖတ်ရန် >>> https://bitly.cx/5A05E

အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “မြစ်ကြီးနား ရွှေဆန်းလီရွှေဆိုင် ဓားပြတိုက်မှု” ဟုဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “People’s Spring, Connect Burma, Maun Media” တို့က ဖော်ပြထား သည်။

သတင်းမီဒီယာများတွင် စက်တင်ဘာ ၈ ရက် က မြစ်ကြီးနားမြို့လယ်၊ အောင်နန်းရပ်ကွက်ရှိ ရွှေဆန်းလီ ရွှေ ဆိုင်ကို ဆိုင်ကယ်ဦးထုပ်ဆောင်းထားပြီး သေနတ်ကိုင်ဆိုင်ထားသည့် အမျိုးသား သုံးဦးက ဓားပြဝင်တိုက် သွားကြောင်း၊ ဆိုင်ရှိ လက်ဝတ်ရတနာနှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားကြောင်း၊ ဓားပြ တိုက်ခံရ သည့် ရွှေဆိုင်အနီးတွင် စစ်ကော်မရှင် ရဲစခန်း ရှိသော်လည်း လက်ရှိအချိန်ထိ ဓားပြများကို ဖမ်းမိခြင်း မရှိ သေးကြောင်း ၊ စစ်ကော်မရှင် ထိန်းချုပ်ထားသည့် မြစ်ကြီးနားမြို့တွင် မကြာခဏ ဆိုသလို လုယက်မှုနှင့် လူ သတ်မှုများ ဖြစ်ပေါ်နေကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>>
People’s Spring – https://bitly.cx/PLvJo
Connect Burma – https://bitly.cx/bUdYE
Maun Media – https://bitly.cx/g5Ap

သုံးသပ်ချက်

သတင်းမီဒီယာများတွင် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်ရှိ ရွှေဆန်းလီ ရွှေဆိုင်ကို သေနတ်ကိုင်ဆောင် ထားသည့် အမျိုးသား သုံးဦး ဓားပြဝင်တိုက်သွားကြောင်း ဖော်ပြထားကြသည်။ မြစ်ကြီးနားမြို့သည် စစ်ကော်မရှင် ထိန်းချုပ်ထားသည့် မြို့ဖြစ်ပြီး ၊ ဓားပြတိုက်သွားသည့် ရွှေဆိုင်အနီးတွင်လည်း ရဲစခန်းရှိ ကြောင်း သတင်းများအရ သိရသည်။ သို့သော် ဓားပြများကို မည်သူမှန်း မသိရဘဲ ဖမ်းဆီးရမိခြင်းလည်း မရှိသေးကြောင်း တွေ့ရသည်။

ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော “မြစ်ကြီးနားရှိ ရွှေဆိုင်ကို KIA နှင့် PDF များ ဓားပြတိုက်” ဆိုသော အကြောင်းအရာသည် သတင်းမှား ဖြစ်သည်။

အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းအချိန်ထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။