မကြာမီရက်ပိုင်းအတွင်း ရွှေတစ်ကျပ်ဈေး ကျပ်သိန်း၁၁၀သို့ ရောက်ရှိတော့မည်ဟု သိရသည်။
ယနေ့(ဇန်နဝါရီ၂၈ရက်)နံနက်ပိုင်း ပြင်ပရွှေ အဖွင့်ဈေးမှာ ၁၆ပဲရည်တစ်ကျပ်သားလျှင် ၁၀၈သိန်း ၅သောင်း(၁၀,၈၅၀,၀၀၀)ဖြစ်ပြီး ဇန်နဝါရီ၂၇ရက်ညနေ အပိတ်ဈေးမှာ ၁၀၆သိန်း၅သောင်းဖြစ် ကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်းမှ သိရသည်။
“တစ်ရက်တည်းနဲ့ ၂သိန်းခုန်တက်တာဆိုတော့ အတားအဆီးတွေ မရှိရင် ဒီအပတ်ထဲတောင် သိန်း၁၁၀ ဖြစ်နိုင်တယ်။အခုအချိန်ထိတော့ စစ်တပ်က ရန်ကုန်ရွှေဈေးကွက်ကို ရန်ရှာတာမျိုး မရှိသေးဘူး”ဟု ရန်ကုန်မြို့တွင်း ရွှေလောကသားတစ်ဦးက MPAသို့ပြောသည်။
ရွှေဈေးနှင့်အပြိုင် ကုန်ဈေးနှုန်းတို့သည်လည်း ဈေးတက်နေပြီး ကန်စွန်းရွက်ဈေး ၅၀၀မှ ၇၀၀၊ ယိုးဒယားစားဆီ ၁၃၀၀၀မှ ၁၄၅၀၀၀၊ အမဲသားတစ်ပိဿာ ၃သောင်းမှ ၃သောင်းခွဲကျော်သို့ တက် သွားကြောင်း မွန်ပြည်နယ်၊သထုံမြို့နေ အိမ်ရှင်မတစ်ဦးက ပြောသည်။
“အကုန်တက်နေပါတယ်။ ဒီနေ့နဲ့ မနက်ဖြန်တောင် မတူဘဲ ကုန်ဈေးနှုန်းလည်း တက်ပါတယ်”ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်အတွင်း မုန့်ဟင်းခါးနှင့်အသုတ်တစ်ပွဲ ၁၂၀၀မှ ၁၅၀၀သို့ ဖြစ် သွားပြီး လက်ရှိ ရပ်ကွက်အတွင်း ၁၀၀၀ကျသင့်သည့် ဆိုက်ကားခမှာ လကုန်လျှင် ၁၅၀၀ ဖြစ်မည် ဟု ရန်ကုန်မြို့၊လှိုင်မြို့နယ်၊ဘူတာရုံလမ်းနေ အိမ်ရှင်မတစ်ဦးက ပြောသည်။
“ဇန်နဝါရီလဆန်းတုန်းက တစ်ဆိုင်စ၊၂ဆိုင်စက မုန့်ဟင်းခါး၊အသုတ် ၁၅၀၀ ဖြစ်တယ်။အခုကတော့ ဆိုင်တိုင်း ၁၅၀၀ ဖြစ်သွားပြီ”ဟု ၎င်းက ပြောသည်။
ကမ္ဘာ့ရွှေဈေးမှာလည်း တစ်အောင်စကို အမေရိကန်ဒေါ်လာ ၅၂၂၃ဒဿမ၆ သို့ ရောက်ရှိလာကြောင်း သိရသည်။
“ဘာတွေ ဘယ်လောက်တက်တက် ဈေးမတက်တာဆိုလို့ စစ်တပ်သတ်မှတ်တဲ့ ရွှေဈေးပဲ။ဒီနေ့ထိ သိန်း၆၀ပဲ”ဟု ရန်ကုန်မြို့တွင်း ရွှေလောကသားတစ်ဦးက ဆက်လက်ပြောသည်။
စစ်ကော်မရှင်လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း၏ ရွှေဈေးနှုန်းမှာ ၂၀၂၅ခုနှစ်၊ဒီဇင်ဘာ၂၄ရက်မှ ယနေ့ထိတိုင် ကျပ်သိန်း၆၀ ဖြစ်နေဆဲဖြစ်သည်။
