ပိုင်ရှင်အပြောင်းအလဲဖြစ်ပြီးနောက် TikTok တွင် အက်ပ်ဖျက်သိမ်းမှု၊ ဆင်ဆာဖြတ်တောက်မှုအတွက် စွပ်စွဲချက်၊ ချို့ယွင်းချက်များ ဖြစ်ပေါ်နေ

အမေရိကန်နိုင်ငံတွင်းရှိ အစုရှယ်ယာလုပ်ငန်းပုံစံ အပြောင်းအလဲ ပြုလုပ်ပြီးနောက် TikTok အနေဖြင့် ဆင်ဆာဖြတ်တောက်မှုဆိုင်ရာ စွပ်စွဲချက်များ၊ နည်းပညာပိုင်းဆိုင်ရာ ပြဿနာများနှင့် အက်ပ်ဖျက်သိမ်းမှု အရှိန်အဟုန်မြင့်တက်လာခြင်း အစရှိသည့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည်။

အမေရိကန်ရှိ ဒေတာစင်တာတစ်ခု၏ နေရာတွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဖြစ်ပွားခဲ့သဖြင့် အခြေခံအဆောက်အအုံဆိုင်ရာ ကြီးမားသည့် ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း ကုမ္ပဏီက ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ထိုမီးပြတ်တောက်မှုကြောင့် ဗီဒီယိုဖန်တီးသူများ၏ ဗီဒီယိုများကို ကြည့်ရှုသူရှိသော်လည်း ကြည့်ရှုနှုန်း (views) လုံးဝမပြခြင်း၊ ဗီဒီယိုတင်ရာတွင် ကြန့်ကြာခြင်းနှင့် အချိန်ကြာမြင့်၍ အဆင်မပြေခြင်း (timeout requests) အစရှိသည့် ချို့ယွင်းချက်များ ဖြစ်ပေါ်ခဲ့သည်။

ဇန်နဝါရီ ၂၇ ရက်တွင် ဝန်ဆောင်မှုများကို ပြန်လည်ကောင်းမွန်လာစေရန် ပြင်ဆင်ဆောင်ရွက် ထားပြီးဖြစ်သော်လည်း အဆိုပါအက်ပ်အား အသုံးပြုရာတွင် အသုံးပြုသူများအနေဖြင့် ချို့ယွင်းချက်အချို့ကို ဆက်လက်တွေ့မြင်နိုင်သေးကြောင်း TikTok က ဆိုသည်။

ထို့အပြင် သမ္မတ ဒေါ်နယ်ထရန့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန (ICE) တို့ကို ဝေဖန်ထားသည့် ဗီဒီယိုများ သို့မဟုတ် ဂျက်ဖရီ အက်ပ်စတိုင်း အကြောင်း ဖော်ပြချက်များကို ကုမ္ပဏီက “ဆင်ဆာဖြတ်တောက်နေသည်” ဟု အသုံးပြုသူများက စိုးရိမ်ပူပန်မှုများ မြှင့်တင်လာကြသည်။

အဆိုပါ တိုင်ကြားချက်များကြောင့် ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆန် က TikTok အနေဖြင့် ထရန့်ကို ဝေဖန်သည့် အကြောင်းအရာများကို ဆင်ဆာဖြတ်တောက်ခြင်းဖြင့် ပြည်နယ်ဥပဒေကို ချိုးဖောက်နေခြင်း ရှိ၊ မရှိ စစ်ဆေးမှုများ စတင်တော့မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်က X တွင် ကြေညာခဲ့သည်။

TikTok ၏ အမေရိကန် ဖက်စပ်လုပ်ငန်းသစ်မှ ပြောရေးဆိုခွင့်ရှိသူ ဂျေမီ ဖာဗာဇာ ကမူ အသုံးပြုသူများ ကြုံတွေ့နေရသည့် ပြဿနာများသည် “ပွင့်လင်းမြင်သာစွာ အတည်ပြုထားသည့် နည်းပညာပိုင်းဆိုင်ရာ ပြဿနာများသာဖြစ်ပြီး” အခြားအကြောင်းရင်းကြောင့်ဟု ပြောဆိုခြင်းမှာ မှန်ကန်မှုမရှိကြောင်း ပြောကြား သည်။

သို့သော် နည်းပညာပိုင်းဆိုင်ရာ ပြဿနာများနှင့်အတူ ပိုင်ရှင်သစ်အချို့နှင့် ထရန့်တို့ကြား ဆက်နွှယ်မှုများရှိနေခြင်းက အမေရိကန် အသုံးပြုသူအချို့ကို စိတ်အနှောင့်အယှက်ဖြစ်စေကာ အက်ပ်အား ဖျက်သိမ်းပစ်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေသည်။

ဈေးကွက်သုတေသနအဖွဲ့ဖြစ်သော Sensor Tower ၏ ဇန်နဝါရီ ၂၇ ရက် ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၂၂ ရက်မှ ၂၆ ရက်အတွင်း အက်ပ်ဖျက်သိမ်းမှု နေ့စဉ်ပျမ်းမျှနှုန်းသည် ယခင်ရက်ပေါင်း ၃၀ နှင့် နှိုင်းယှဉ်ပါက ၁၃၀ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

သို့သော်လည်း အလားတူကာလအတွင်း နေ့စဉ်ပျမ်းမျှ အသုံးပြုသူဦးရေမှာ ၂ ရာခိုင်နှုန်း တိုးတက်နေဆဲဖြစ်ရာ အက်ပ်ဖျက်သိမ်းမှုများသည် အလုံးစုံအသုံးပြုမှုအပေါ် သက်ရောက်မှုနည်းပါးကြောင်း Sensor Tower က သုံးသပ်သည်။

ထို့ပြင် TikTok သည် အမေရိကန်ရှိ အသုံးပြုသူ တိုးတက်မှုနှုန်းတွင် YouTube နှင့် Instagram တို့နောက်တွင် ရှိနေသော်လည်း အသုံးပြုသူများသည် ပြိုင်ဘက် အက်ပ်များထက် TikTok ပေါ်တွင် အချိန်ပိုမိုပေး၍ အသုံးပြုကြကြောင်းလည်း ဖော်ပြထားသည်။