အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့အပေါ် တိုင်ကြားထားသည့် အမှုနှင့် ပတ်သက်၍ ယနေ့အထိ အကြောင်းပြန်ကြားခြင်း မရှိသေးသည့်အတွက် အမှုမှန်ပေါ်ပေါက်စေရန် တိုင်ကြားသူ (၁၂) ဦးက NUG ယာယီသမ္မတ၊ CRPH ဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးချုပ်တို့ထံ အိတ်ဖွင့်ပေးစာ ပေးပို့ကာ Zoom ဖြင့်တွေ့ဆုံခွင့်ပြုရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်တွင် အမြဲတမ်းအတွင်းဝန်နှင့် ၎င်း၏ ခင်ပွန်းဖြစ်သူအား ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ ဝန်ထမ်းဟောင်း ၁၂ဦးက လူ့အခွင့်အရေးချိုးဖောက်မှု၊ အာဏာအလွဲသုံးစားမှု၊ အဂတိလိုက်စားမှု၊ လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနှင့် ဝန်ထမ်းများအပေါ် မလျော်ဩဇာသုံးစွဲမှု စသည့် စွပ်စွဲချက်များဖြင့် နိုင်ငံတော်အကြီးအကဲများထံ အချက်အလက်အပြည့်အစုံဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
သို့သော် တိုင်ကြားစာ ပေးပို့ပြီး (၂) လကျော် ကြာမြင့်သည့်တိုင် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာ ထွက်ပေါ်လာခြင်းမရှိသည့်အပြင်၊ တိုင်ကြားသူများအား နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ ဖောက်ဖျက်သည်ဆိုသော ခေါင်းစဉ်ဖြင့် ပြန်လည်စစ်ဆေးရန် ဆင့်ခေါ်မှုများ ပြုလုပ်လာသည့်အတွက် ယခုကဲ့သို့ အခြေအနေ တင်းမာလာခြင်းဖြစ်သည်။
“ကျမတို့ကတော့ အမှုမှန်ပေါက်ပေါက်ရေး၊ ထိုက်သင့်တဲ့ တရားစီရင်မှုအတွက် အကောင်းဆုံး ပူးပေါင်းခဲ့ပြီးသွားပြီ လုပ်စရာက သိပ်မကျန်တော့ဘူး၊ ကျူးလွန်ခဲ့တဲ့ ဖြစ်စဥ်တွေကို သက်သေတွေနဲ့ လူထုကို တိုင်တည်တာ၊ ငွေကြေးကိစ္စဆိုလဲ ကူညီခဲ့တဲ့အဖွဲ့အစည်းတွေကို ဒီကိစ္စတွေကို ပြန်လည်စာရင်းစစ်ဖို့ အကြောင်းကြားတာမျိုး ဒါမျိုးပဲထပ် လုပ်နိုင်တော့မှာ” ဟု တိုင်ကြားသူတစ်ဦးကဆိုသည်။
တိုင်ကြားမှုနှင့် ပတ်သက်၍ NUG မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ တိုင်ကြားသူ (၁၂) ဦးနှင့် သက်သေ (၅) ဦးတို့ကို နိုဝင်ဘာလကုန်မှ ဒီဇင်ဘာလလယ်အထိ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ပြန်တိုင်တယ်ဆိုတဲ့ ကိစ္စတွေက တကယ်က NUG ကသာ afterthought မဟုတ်ဘူးပြောနေတာ အဲ့တော့ အဓိပ္ပါယ်က တိုင်ကြားမှု မတိုင်ခင်ကထဲ ဒီတိုင်တဲ့ သူတွေက ၁၂ ယောက်စုပြီး နိုင်ငံတော်လျှို့ဝှက်ချက်တွေကို ဖောက်ချနေတာ နိုင်ငံတော် အကြည်ညိုပျက်စေနေတာပေါ့၊ နေရင်းထိုင်ရင်းကြီး၊ ပြီးတော့လဲ perception of innocent ဆိုတာကိုပြောတယ်။ အဲ့ဒါကလဲ afterthought မဟုတ်လို့ ဘာကြီးလဲ တကယ်က ကျတော်တို့ကတော့ ပြန်လည်တိုင်ကြားမှုဆိုတာ ရိုးရိုးသားသားဖြစ်လာတယ်လို့ကို မထင်လို့ ၂ ကြိမ်ဆင့်ခေါ်တာ ၁၂ ယောက်စလုံးတိုင်ပင်ပြီး ၂ ကြိမ်စလုံးမသွားခဲ့ဘူး” ဟု တိုင်ကြားသူ ၁၂ ဦးမှ တစ်ဦးကဆိုသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်က တစ်လအတွင်း အပြီးဆောင်ရွက်မည်ဟု ကတိပြုခဲ့သော်လည်း ယနေ့အချိန်အထိ ထုတ်ပြန်ကြေညာခြင်း မရှိသည့်အပြင် တိုင်ကြားသူများ၏ မေးမြန်းမှုကိုလည်း ပြန်လည်ဖြေကြားခြင်း မရှိကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
” ဒီအမှုက တော်လှန်ရေးမှာပါတဲ့ လူတိုင်းသိချင်နေတဲ့ အမှုမှန်ပေါ်စေချင်တဲ့ ကိစ္စပါ။ NUG ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့တာကကော ဘယ်လောက်ထိမှန်ကန်မှုရှိလဲ တကယ်ပဲ လူထုအပေါ်မှာ ရိုးသားရဲ့လားဆိုတာကို အားလုံးကသိချင်နေကြတာပါ။ ” ဟုNUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်နှင့် အမျိုးသားအပေါ်တိုင်ကြားထားခြင်းပတ်သက်ပြီး ပြည်သူတစ်ဦးက ဆိုသည်။
ယင်းကြောင့် တိုင်ကြားသူများက စုံစမ်းစစ်ဆေးမှု ကြန့်ကြာနေရခြင်း အကြောင်းရင်းကို ရှင်းလင်းစွာ သိရှိခွင့်ရရှိရေး၊ စုံစမ်းစစ်ဆေးမှု ရလဒ်ကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ပေးရေး၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် တိုင်ကြားသူများနှင့် နိုင်ငံတော်အကြီးအကဲများ Zoom Platform မှတစ်ဆင့် လူကိုယ်တိုင် တွေ့ဆုံခွင့်ရရှိရေးတို့ကိုတောင်းဆိုခဲ့ကြသည်။
“ဒီအမှုဟာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဂတိနဲ့ အာဏာအလွဲသုံးစားမှု ဖြစ်လို့ ကြန့်ကြာနေတာဟာ တော်လှန်ရေးအစိုးရအပေါ် လူထုရဲ့ ယုံကြည်ကိုးစားမှုကို ထိခိုက်စေနိုင်တယ်” ဟု တိုင်ကြားသူများက ထောက်ပြထားသည်။
တော်လှန်ရေးကာလအတွင်း တာဝန်ခံမှု (Accountability) နှင့် တရားမျှတမှု (Justice) ကို အခြေခံသည့် အုပ်ချုပ်ရေးယန္တရားဖြစ်ကြောင်း သက်သေပြနိုင်ရန်အတွက် ယခုကဲ့သို့ အိတ်ဖွင့်ပေးစာ ပေးပို့ကာ အမြန်ဆုံး ဖြေရှင်းပေးရန် တိုက်တွန်းထားခြင်း ဖြစ်သည်။
