ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနှင့် သိက္ခာရှိစွာဖြင့် စစ်အုပ်စုကို အရေးယူဆောင်ရွက် သင့်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားလိုက်သည်။
ဇန်နဝါရီ၂၇ရက်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် “ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် နိုင်ငံပေါင်း စုံဝါဒတို့အား ပြန်လည်အသက်သွင်းခြင်းဖြင့် အပြည်ပြည်ဆိုင်ရာတရားဥပဒေစိုးမိုးရေးအား ထပ် လောင်းအတည်ပြုခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အဆင့်မြင့်တံခါးဖွင့် ဆွေးနွေးပွဲ၌ ကုလသ မဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်း တောင်းဆိုခဲ့သလို မြန်မာပြည်သူလူထု တစ်ရပ်လုံးသည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်ရေးအတွက် ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီတို့ထံ ကြိမ်ဖန် များစွာ တောင်းဆိုခဲ့ခဲ့သော်လည်း ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများအပေါ် ယနေ့တိုင်ပျက် ကွက်နေကြောင်းလည်း ဆိုသည်။
“ကုလသမဂ္ဂမှာ သံအမတ်ကြီးရဲ့ လုပ်ပိုင်ခွင့်က မြန်မာနိုင်ငံမှာ ကိုယ့်ပြည်သူကိုယ် ပြန်သတ်နေတဲ့ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို ကမ္ဘာသိအောင် ဖွင့်ချဖို့နဲ့ မြန်မာ့အရေးကို နိုင်ငံတကာအသိုင်းအဝိုင်း က ထိရောက်စွာ ကိုင်တွယ်ကြဖို့ ကုလစင်မြင့်ထက်ကနေ တောင်းဆိုတာတွေ လုပ်နိုင်ခြင်းပဲ။ သံအမတ် ကြီးရဲ့ တောင်းဆိုမှုတွေက ဖြစ်မလာတောင်မှ ရာဇဝတ်သားစစ်တပ်အကြောင်း ကမ္ဘာက စဉ်ဆက်မပြတ် သိရှိနေပါမယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြော သည်။
လုံခြုံရေးကောင်စီ အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆုံးဖြတ်ချက်အဆို ၂၆၆၉ ကို ချမှတ်ခဲ့ သော်လည်း စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများသည် ပိုမိုကျယ်ပြန့်စွာနှင့် စနစ်ကျစွာ မြင့်တက် ဆဲ မြင့်တက်မြဲဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်းတွင်လည်း အကြမ်းဖက်မှုများ ပိုမိုဖြစ်ပေါ်နေပြီး နယ်စပ် ဖြတ်ကျော်မှုခင်းများလည်း ပိုမိုတိုးပွားလာလျက်ရှိကြောင်း ယင်းအချက်များကို ကြည့်ခြင်း အား ဖြင့် လုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့အရေးကိစ္စကို ပိုမို အနီးကပ်သတိထားစောင့်ကြည့် အာရုံစိုက် သင့်ကြောင်း၊ အထူးသဖြင့် ဆုံးဖြတ်ချက်အဆို ၂၆၆၉ ၏ နောက်ဆက်တွဲဆုံးဖြတ်ချက် အဆိုတစ်ခု ကို ထပ်မံချမှတ်သင့်ကြောင်း၊ ယင်းမှတစ်ဆင့် မြန်မာ့ပြဿနာကို နိုင်ငံတကာ ရာဇဝတ် ခုံရုံးသို့ လွှဲပြောင်းတင်သွင်းသင့်ကြောင်းလည်း ဆိုသည်။
လုံခြုံရေး ကောင်စီတွင် မြန်မာ့အရေး နောက်ဆက်တွဲ ဆုံးဖြတ်ချက်အဆို ချမှတ်ရန် ပျက်ကွက် နေသည့်အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံအနေဖြင့် အထွေထွေညီလာခံ၏ အခွင့်အာဏာကို ထိရောက်စွာ အသုံးချကာ အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၇၅/၂၈၇ အလွန် အခြားသော အလုံးစုံ ခြုံငုံမှုရှိစေမည့် လုပ်ဆောင်ချက်များ ရှာဖွေနိုင်မည့် နေရာတစ်ခုအဖြစ် ရပ်တည်ပေးသင့်ကြောင်း လည်း သံအမတ်ကြီးက ဆိုသည်။
ဆက်လက်ပြီး သံအမတ်ကြီးက အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ၌ ကြားနာနေသည့် The Gambia v. Myanmar အမှုသည် စစ်အုပ်စုနှင့် ၎င်းတို့၏ ထိပ်ပိုင်း ဦးဆောင်သူများက နိုင်ငံတကာ ရာဇဝတ် မှုများ ကျူးလွန်နေခြင်းအား ရပ်တန့်စေနိုင်မည့် အခြေအနေကို ဆောင်ကြဉ်းပေးသင့် ကြောင်းနှင့် ရာဇဝတ်သား စစ်အုပ်စုက မြန်မာပြည်သူများအပေါ် ကျူးလွန်သည့် နိုင်ငံတကာ ရာဇဝတ် မှုများအတွက် ဆက်လက် တရားစီရင်သင့်ကြောင်း တိုက်တွန်းသည်။
ထို့အပြင် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC အနေနှင့်လည်း မင်းအောင်လှိုင်ကို ချက်ချင်း ဖမ်းဝရမ်းထုတ်ရန်လည်း တိုက်တွန်းလိုက်သည်။
