လုပ်ကြံဖန်တီးထားသည့် မဲများဖြင့် စစ်အုပ်စု ရာဇဝတ်မှုများကို ချေဖျက်နိုင်မည်မဟုတ်ဟုဆို

ဓာတ်ပုံ - MPA

အတုအယောင်ရွေးကောက်ပွဲများနှင့် လုပ်ကြံဖန်တီးပုံဖော်ထားသည့် မဲများဖြင့် စစ်အုပ်စု ကျူးလွန် နေသည့် ရာဇဝတ်မှုများကို မည်သို့မျှချေဖျက်နိုင်မည်မဟုတ်ကြောင်း ကုလရင်ပြင်တွင် သံအမတ် ကြီးက ပြောကြားလိုက်သည်။

ဇန်နဝါရီ၂၇ရက်က ကျင်းပခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆွေးနွေးပွဲတစ်ရပ်တွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားသည်။

“လက်ရှိမှာ တရုတ်၊ရုရှားနဲ့ လက်တစ်ဆုပ်စာနိုင်ငံတွေကလွဲလို့ စစ်တပ်ရွေးကောက်ပွဲကို အသိအ မှတ်မပြုဘူး။အာဆီယံကလည်း ရွေးကောက်ပွဲကို အသိအမှတ်မပြုတဲ့သဘောပဲ။မင်းအောင်လှိုင်က လည်း နိုင်ငံတကာက ရွေးကောက်ပွဲကို အသိအမှတ်မပြုလည်း ဂရုမစိုက်ဘူးဆိုတာမျိုး တုံ့ပြန်ထား တယ်။ဒါပေမဲ့၊အခုတရားမဝင်ရွေးကောက်ပွဲကနေ တက်လာမယ့် တရားမဝင်အစိုးရကို နိုင်ငံတကာနဲ့ အာဆီယံက ဘယ်လိုတုံ့ပြန် ထိတွေ့မလဲဆိုတာကတော့ စောင့်ကြည့်ရဦးမယ်”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPA သို့ ပြောသည်။

ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ ကို ငြင်းပယ် ကန့်ကွက်ကြရန်နှင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ပပျောက်ရေးနှင့် ဖက်ဒရယ် ဒီမို ကရေစီ နိုင်ငံတော်သစ် တည်ထောင်ရေးအတွက် မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးကြရန် သံအမတ်ကြီးက တောင်းဆိုသည်။

မြန်မာပြည်သူများသည် အသက်ဘေးနှင့် ရင်ဆိုင်နေရပြီး အနာဂတ်ပါ ပျောက်ဆုံးလျက်ရှိ ကြောင်း နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စု ဆယ်စုနှစ်များစွာ အကျိုး ခံစားခွင့်ရနေသည့် ပြစ်ဒဏ် ကင်းလွတ်ခွင့်စက်ဝန်းကို ဖြတ်တောက်ရန် ယခုပင် ပြတ်ပြတ်သားသား ပိုင်းဖြတ် လုပ်ဆောင်ရမည် ဖြစ်ကြောင်းလည်း ဆိုသည်။

စစ်အုပ်စုသည် မြန်မာပြည်သူတစ်ရပ်လုံးအပေါ်တွင် နိုင်ငံတကာရာဇဝတ်မှုများကို ပြစ်ဒဏ် ကင်းလွတ်ခွင့်ဖြင့် နှစ်ရှည် ကျူးလွန်လျက်ရှိကြောင်းနှင့်စစ်အုပ်စုက အရပ်သား ၇,၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ကြောင့် ၃ဒဿမ၆ သန်း ကျော်သော ပြည်သူများ နေရပ်စွန့်ခွာနေရကာ ၂၂ သန်းခန့်သော ပြည်သူများမှာလည်း လူသားချင်းစာနာမှု အကူအညီများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း သံအမတ်ကြီးက ပြောသည်။