အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလသည် KIO/KIA ဌာနချုပ် လိုင်ဇာမြို့တွင် လုပ်ကြံခံခဲ့ရသည်ဟု စစ်လော်ဘီများက လိမ်လည်ဝါဒဖြန့်နေကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်၊ ည ၉ နာရီဝန်းကျင်မှစ၍ ယနေ့အထိ စစ်ကော်မရှင်လက်အောက်ခံ လော်ဘီများသည် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများနှင့် တယ်လီဂရမ်ချန်နယ်များတွင် ယာယီသမ္မတ ဒူဝါလရှီးလသည် လိုင်ဇာမြို့ရှိ Laiza Hotel တွင် လုပ်ကြံခံခဲ့ရသည်ဟု လိမ်လည်ဝါဒဖြန့်ခဲ့ခြင်း ဖြစ်သည်။
“လိုင်ဇာမှာနေတဲ့ လူတွေတောင်မှ ဘာမှမကြားဘူး။ တစ်ခုခုဖြစ်ရင်လည်း မြို့လေးက သေးတော့ ကြားရမှာပဲ။ သမ္မတ လုပ်ကြံမခံရပါဘူး။ လော်ဘီအချင်းချင်းတောင်မှ တင်ထားတဲ့ အရေအတွက်တွေက မတူဘူး” ဟု လိုင်ဇာမြို့တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
စစ်တပ်၏ တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်တွင် ကချင်ပြည်နယ် လိုင်ဇာမြို့၊ လိုင်ဇာဟိုတယ်ဘက်တွင် KPDF (၁၅) ဦးခန့်က NUG သမ္မတ ဒူဝါလရှီးလနှင့် အဖွဲ့ဝင် (၉) ဦး လိုက်ပါလာသည့် ကားနှစ်စီးကို ပစ်ခတ်ရာ ဒုတိယကားပေါ်မှ (၅) ဦး သေဆုံးပြီး ဒူဝါလရှီးလ စီးလာသည့် ပထမကားပေါ်မှ လေးဦး ဒဏ်ရာရရှိကာ ဒူဝါလရှီးလမှာ ညာဘက်ပေါင်တွင် သေနတ်ထိမှန်ထားသဖြင့် လိုင်ဇာဆေးရုံ၌ ကုသနေကြောင်း၊ လက်ရှိတွင် အဆိုပါ KPDF (၁၀) ဦးအား KIA မှ ဖမ်းဆီးစစ်ဆေးနေပြီး ကျန် (၅) ဦးမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ဝါဒဖြန့်ချိထားသည်။
“KIA နဲ့ KPDF ကို ရန်တိုက်ပေးတာပါ။ စစ်တပ်လော်ဘီတွေ တွေးနေသလိုမျိုး လွယ်လွယ်နဲ့ လုပ်ကြံလို့ရတာမှ မဟုတ်တာ။ သမ္မတဆိုမှတော့ လုံခြုံရေးအပြည့်နဲ့ ထားမှာပဲလေ။ စစ်လော်ဘီတွေက သူတို့ ဦးနှောက်မရှိတာကို ဖော်ပြနေတာ” ဟု အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
ထိုကဲ့သို့ စစ်လော်ဘီများက လိမ်လည်ဝါဒဖြန့်ချိနေခြင်းနှင့် ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်၊ မွန်းတည့် ၁၂ နာရီဝန်းကျင်၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ဘေးကင်းကျန်းမာစွာ ရှိကြောင်း ဖော်ပြထားသည်။
စစ်ကော်မရှင်တပ်ဘက်က သတင်းအချက်အလက်များကို လိမ်လည်ဖော်ပြခြင်း၊ တစ်ဖက်သတ် ဝါဒဖြန့်ချိခြင်းများကို တစိုက်မက်မက် လုပ်ဆောင်လျက်ရှိနေပြီး ပြည်သူများအနေဖြင့် သတင်းမှန်များကို ခွဲခြားသိရှိနိုင်ရန် ပိုမိုခက်ခဲလာကြောင်း သိရသည်။
