မြန်မာ အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်သူ ၁၁ ဦးကို တရုတ် ကွပ်မျက်

မြန်မာနိုင်ငံတွင် အွန်လိုင်းငွေလိမ်စင်တာများကို လုပ်ကိုင်ခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့မှ မြီရှောက်ချန်း၏ မိသားစုဝင် ၁၁ ဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက ဇန်နဝါရီ ၂၉ ရက်တွင် ဖော်ပြသည်။

ကျဲ့ကျန်းပြည်နယ်ရှိ တရားရုံးတစ်ခုသည် မြီရှောက်ချန်း မိသားစုဝင်များကို လူသတ်မှု၊ တရားမဝင် ဖမ်းဆီးချုပ်နှောင်မှု၊ လိမ်လည်မှုနှင့် လောင်းကစားရုံများ ထောင်မှုတို့အပါအဝင် ပြစ်မှုများဖြင့် ပြီးခဲ့သည့် စက်တင်ဘာလက ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ယနေ့တွင် ကွပ်မျက်လိုက်ခြင်းဖြစ်သည်။

မြီရှောက်ချန်း မိသားစုသည် တရုတ်နိုင်ငံနှင့် နယ်စပ်ချင်းနီးကပ်သော လောက်ကိုင်မြို့ကို ထိန်းချုပ်ထားသည့် ဂိုဏ်းကြီးအချို့ထဲမှ တစ်ခုဖြစ်သည်။

၎င်းတို့၏ အုပ်ချုပ်မှုအောက်တွင် ဆင်းရဲနွမ်းပါးသည့် ထိုနယ်စပ်ဒေသသည် ကာစီနိုများနှင့် ပြည့်တန်ဆာတန်းများဖြင့် ဝေဝေဆာဆာရှိသော ဗဟိုချက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

၎င်းတို့၏ ငွေလိမ်အင်ပါယာကြီးသည် ၂၀၂၃ ခုနှစ်တွင် ပြိုလဲသွားခဲ့သည်။ ထိုစဉ်က မြန်မာပြည်တွင်းစစ်အတွင်း လောက်ကိုင်မြို့ကို ထိန်းချုပ်လိုက်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက ၎င်းတို့ကို ဖမ်းဆီးပြီး တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် ၎င်းတို့ကို သွားရောက်ဖမ်းဆီးစဉ် မြီရှောက်ချန်းသည် မိမိကိုယ်ကိုသေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း စစ်ကောင်စီက ထိုအချိန်က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် နှစ်ပေါင်းများစွာအတွင်း တရုတ်အလုပ်သမား ထောင်ပေါင်းများစွာ ထောင်ချောက်မိခဲ့ကြသည်။ ၎င်းတို့သည် နိုင်ငံရပ်ခြားရှိ လူများကို လိမ်ညာရန် အတင်းအကျပ် ခိုင်းစေခံရသည့် အဆိုပါဝင်းများအတွင်းသို့ လူကုန်ကူးခံခဲ့ရသော လူပေါင်းသိန်းချီထဲတွင် ပါဝင်နေကြသည်။

တရုတ်နိုင်ငံ၏ အမြင့်ဆုံးတရားရုံး၏ အဆိုအရ မြီရှောက်ချန်း မိသားစု ဖီးယားဂိုဏ်း၏ ငွေလိမ်လုပ်ငန်းများနှင့် လောင်းကစားရုံများသည် ၂၀၁၅ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ယွမ်ငွေ ၁၀ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့၏ အယူခံကိုလည်း နိုဝင်ဘာလတွင် တရားရုံးက ပယ်ချခဲ့သည်။

အဆိုပါ မိသားစုတို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကြောင့် တရုတ်နိုင်ငံသား ၁၄ ဦး သေဆုံးခဲ့ရပြီး အခြားသူအများအပြားလည်း ဒဏ်ရာရရှိခဲ့ကြောင်း တရားရုံးက ပြောကြားခဲ့သည်။