ရွာစဉ်လှည့် မီးရှို့နေသည့် စစ်တပ်ကြောင့် မြိုင်နှင့် ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူ ၃၅၀၀ကျော် စစ်ကြောင်းရှောင်နေရကြောင်း သိရသည်။
ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှအင်အား ၂၀၀ ခန့်ဖြင့်ထွက်လာသော စစ်ကြောင်းသည် ဇန်နဝါရီ ၂၆ ရက်တွင် မြိုင်မြို့နယ်၊ တွင်းမပျူရွာသို့ ရောက်ရှိပြီးနောက် အနီးရှိ ကျေးရွာများသို့ ဝင်ချည်ထွက် ချည်လုပ်နေသဖြင့် မြိုင်မြို့နယ်မှ သာစည် ၊ နှမ်းဆီကန် ၊ မြေရင့်နှင့် ပခုက္ကူမြို့နယ်မှ သစ်ပုလွေကုန်း နှင့် သံဘိုကျေးရွာမှ ပြည်သူများအပြင် သစ်ပုလွေကုန်းနှင့် သာစည်ကျေးရွာကြားရှိ အမြဲတမ်းစစ် ရှောင်များပါ တောတိုက်များအနီး စစ်ရှောင်နေရကြောင်း အညာမြေ အရပ်ဖက်လူမှု အဖွဲ့အစည်း-မြိုင် ထံက သိရသည်။
“ပခုက္ကူနယ်ထဲမှာ စစ်ကြောင်းထိုးနေတာပါ။ ကမ္မနဲ့ မြစ်ခြေအကြားက ရွာတွေ စစ်ကြောင်းထိုးမီးရှို့ ခဲ့တဲ့ စစ်ကြောင်းပါပဲ။ အိမ်ထောင်စု ၁၀၀၀ လောက်က လူဦးရေ ၃၅၀၀ ဝန်းကျင်ရှောင်နေရတာ”ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယနေ့အချိန်ထိ ဒေသခံပြည်သူများ ဖမ်းဆီးခံရခြင်းမရှိသေးကြောင်းနှင့် ယင်းစစ်ကြောင်းသည် သရက်ကန်ပျူရွာသို့ ဝင်မည်ဟု ယူဆရကြောင်း ၎င်းက ပြောသည်။
“စစ်ရှောင်တွေ စားနပ်ရိက္ခာ ၊ ရေ အဓိကလိုအပ်ပါတယ်။ တောတွေထဲမှာ စစ်ရှောင်နေရတော့ သောက်သုံးရေခက်ခဲတာပါ။ လောင်စာဆီ ၊ ရာသီဥတုဒဏ် ၊ ချက်ပြုတ်စားသောက်ရေး ၊ တစ်နေရာ ကနေတစ်နေရာ ရွှေ့ပြောင်းရတဲ့ဒုက္ခ ၊ အသက်ကြီးတွေ ၊ မသန်စွမ်း ၊ အမျိုးသမီး၊ ကလေးသူငယ် စတဲ့ထိခိုက်လွယ်အုပ်စုအတွက် ရွှေ့ပြောင်းရတဲ့ဒုက္ခ စတာတွေပါ အများကြီးပါခင်ဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းသည် ဇန်နဝါရီ ၆ ရက်မှ စတင်၍ ပခုက္ကူ တပ်မ ၁၀၁ မှထွက်လာခြင်း ဖြစ်ပြီး ဇန်နဝါရီ ၈ ရက်တွင် အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ပခုက္ကူမြို့နယ်၊ ကံရပ်ကြီးကျေးရွာကို ရွာလုံးကျွတ် မီးရှို့ခဲ့ကာ ဇန်နဝါရီ ၁၃ ရက်၌ ကွမ်းသီးကန် တောတိုက် ၊ ဇန်နဝါရီ ၁၄ ရက်တွင် ကိုင်းကျေးရွာရှိ ပြည်သူနေအိမ် ၂၀ ခန့်နှင့် ဇန်နဝါရီ ၁၅ ရက်တွင် နှောပင်ကျေးရွာမှ နေအိမ် ၉၀ ကျော်ကိုလည်း မီးရှို့ခဲ့သေးသည်။
