ကမ္ဘောဒီးယားတွင် တရုတ်နိုင်ငံမှ တည်ဆောက်ထားသော အမေရိကန်ဒေါ်လာ ၂ ဘီလီယံတန် လေဆိပ်ကို စက်တင်ဘာ ၉ ရက် စတင်ဖွင့်လှစ်လိုက်သည်။
မြို့တော်၏ အဓိကလေကြောင်းပို့ဆောင်ရေးဗဟိုဌာနဖြစ်သည့် ဖနွမ်းပင်၏ လေဆိပ်ဟောင်းကို အစားထိုးလိုက်သော ယခု Techo International Airport လေဆိပ်အဆောက်အအုံသည် ကမ္ဘောဒီးယား၏ ရုန်းကန်နေရသော ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးနိုင်မည်ဟု တာဝန်ရှိသူများက မျှော်လင့်နေကြသည်။
တရုတ်နိုင်ငံပိုင် အဓိကဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ တည်ဆောက်ခဲ့သော ယခုလေဆိပ်သည် ၂,၆၀၀ ဟက်တာ ကျယ်ဝန်းပြီး ကမ္ဘောဒီးယားအစိုးရနှင့် ပုဂ္ဂလိကပိုင် Overseas Cambodian Investment Corporation (OCIC) တို့က ပူးပေါင်းရန်ပုံငွေ ထည့်ဝင်ထားသည်။
စက်တင်ဘာလ ၁၀ ရက်က လေဆိပ်သို့ ပထမဆုံးဆင်းသက်လာသော ဂျက်လေယာဉ် တရုတ်နိုင်ငံမှလာသော Air Cambodia လေယာဉ်ကို ရေပိုက်များဖြင့် ဖျန်းပက် ကြိုဆိုဂုဏ်ပြုခဲ့ပြီး ခရီးသည် ၁၆၀ ဦး ဆင်းသက်လာချိန်တွင် ခမာရိုးရာအကများဖြင့် ကြိုဆိုခဲ့ကြသည်။
ခရီးသည်များသည် ဆုရ ဗြိတိသျှဗိသုကာပညာရှင် Foster and Partners မှ ဒီဇိုင်းထုတ်ထားသော လေဆိပ်၏ သံမဏိဇယားကွက်ပုံစံအမိုးအောက်ရှိ ရွှေရောင်ဗုဒ္ဓရုပ်တုများနှင့် သစ်ပင်ကြီးများကို ဖြတ်က လေဆိပ်အတွင်းမှ ထွက်ခွာခဲ့ကြသည်။
“လေဆိပ်သစ်ရဲ့ ပထမဆုံးခရီးသည်တွေထဲက တစ်ယောက်ဖြစ်ရတာ ဂုဏ်ယူပါတယ်” ဟု စင်ကာပူလေကြောင်းလိုင်းဖြင့် ပျံသန်းလာသော ဗြိတိသျှခရီးသည် ဒေးဗစ်ဝဲယားက က ပြောကြားခဲ့သည်။
“ကျွန်တော်မြင်ရသလောက်တော့ အရမ်းကို အံ့ဩစရာကောင်းပါတယ်၊ တကယ့်ကို အံ့မခန်းပါပဲ… ကျန်တဲ့နေရာတွေက ဘယ်လိုဖြစ်မလဲဆိုတာကို အရမ်းကြည့်ချင်နေပါပြီ” ဟု ၎င်းက AFP သို့ ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား၏ အရပ်ဘက်လေကြောင်းထိန်းသိမ်းရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆင်ချန်နက်စရီဗူတာက လေဆိပ်တည်ဆောက်မှု အဆင့်သုံးဆင့်အနက် ပထမအဆင့်အတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခန့် ကုန်ကျခဲ့ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
မြို့တော်၏တောင်ဘက် ၂၀ ကီလိုမီတာအကွာတွင် တည်ရှိသော Techo လေဆိပ်သည် တစ်နှစ်လျှင် ခရီးသည် ၁၃ သန်းအထိ လက်ခံနိုင်မည်ဖြစ်ပြီး ၂၀၅၀ ခုနှစ်တွင် သန်း ၅၀ အထိ ရောက်ရှိရန် ရည်မှန်းထားသည်။
၁၉၅၉ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့သော ဖနွမ်းပင်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟောင်းကို လေဆိပ်အသစ်မဖွင့်မီတစ်ရက်အလိုတွင် အပြီးပိတ်ခဲ့သည်။
လေဆိပ်အဟောင်းသည် လေယာဉ်ကြီးများ ဆင်းသက်ရန် မဖြစ်နိုင်တော့ခြင်းကဲ့သို့သော အခက်အခဲများကြောင့် ပိတ်ခဲ့ခြင်းဖြစ်သည်ဟု ဆင်ချန်နက်စရီဗူတာက ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက အန်ကောဝပ်ဘုရားကျောင်းအနီးတွင် တရုတ်နိုင်ငံမှ ငွေဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ၁ ဘီလီယံတန် လေဆိပ်တစ်ခုကို ဖွင့်လှစ်ခဲ့ရာ ယခုလေဆိပ်သစ်သည် နှစ်နှစ်အတွင်း ကမ္ဘောဒီးယားတွင် ဖွင့်လှစ်ခဲ့သော ဒုတိယမြောက် အဓိကလေဆိပ်ဖြစ်သည်။
သို့သော် Sahmakum Teang Tnaut (STT) အစိုးရမဟုတ်သောအဖွဲ့အစည်း၏ ခန့်မှန်းချက်အရ Techo လေဆိပ်တည်ဆောက်မှုကြောင့် အိမ်ထောင်စု ၂,၀၀၀ ခန့်မှာ အိမ်ယာများမှ အဓမ္မရွှေ့ပြောင်းခံခဲ့ရပြီးဖြစ်သည် သို့မဟုတ် ရွှေ့ပြောင်းခံရဖွယ်ရှိနေသည်ဟု ဆိုသည်။
“တချို့အတွက်တော့ ဒီလေဆိပ်ဟာ မြေယာ၊ အသက်မွေးဝမ်းကျောင်းနဲ့ အသိုက်အဝန်းအတွက် ကြာမြင့်စွာရုန်းကန်ခဲ့ရတဲ့ ကြေကွဲဖွယ်အခန်းကဏ္ဍတစ်ခုရဲ့ အဆုံးသတ်ကို ဖော်ပြနေပါတယ်” ဟု စက်တင်ဘာ ၈ ရက်တွင် AFP မှ တွေ့ရှိခဲ့ရသော အစီရင်ခံစာတွင် ဖော်ပြထားသည်။
အရပ်ဘက်လေကြောင်းအရာရှိက ဒေသခံမည်မျှ ထိခိုက်နစ်နာခဲ့သည်ကို အတည်မပြုနိုင်သော်လည်း ထိုကဲ့သို့သော အငြင်းပွားမှုများမှာ “ပြေလည်လုနီးပါးဖြစ်နေပြီ” ဟု ပြောကြားခဲ့သည်။
ခရီးသွားလုပ်ငန်းသည် ကမ္ဘောဒီးယား၏ စီးပွားရေးအတွက် အလွန်အရေးပါသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း နှစ်များတွင် ခရီးသွားဧည့်သည်အရေအတွက် သိသိသာသာကျဆင်းသွားခဲ့ပြီး ပြန်လည်ဦးမော့လာရန် ရုန်းကန်နေရသည်။
ပြီးခဲ့သည့်နှစ်က ကမ္ဘောဒီးယားသို့ နိုင်ငံတကာခရီးသွား ၆ ဒသမ၁ ၇ သန်း လာရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ၁ ၆ ဘီလီယံခန့် ရရှိခဲ့သည်။
