အတုအယောင်ရွေးကောက်ပွဲရလဒ်မှတစ်ဆင့် ပေါ်ပေါက်လာမည့် အစိုးရအမည်ခံ စစ်အုပ်စုအလိုကျ ဟန်ပြအစုအဖွဲ့ကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် တရားဝင်မှုမပေးကြရန် NUCCနှင့် NUG က တောင်းဆိုလိုက်သည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCCနှင့် NUGအစိုးရတို့ဖွဲ့စည်းထားသည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီ က စစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ယနေ့(ဇန်နဝါရီ၂၉ရက်)သဘောထားထုတ်ပြန်ရာတွင် အထက်ပါအတိုင်း တောင်းဆိုထားသလို နိုင်ငံတကာအနေနှင့် အတုအယောင်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု ပူး ပေါင်းဆောင်ရွက်ပါက မြန်မာ့အရေး ဖြေရှင်းရာမရောက်ဘဲ ပိုမိုရှုပ်ထွေးသည့် အဆိုးကျော့သံသရာထဲသို့ သွတ်သွင်းလိုက်ခြင်း ဖြစ်စေနိုင်သောကြောင့် အတုအယောင်ရွေးကောက် ပွဲရလဒ်ကို လက်မခံ ကြရန်လည်း တိုက်တွန်းထားသည်။
“ဒီနေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက စစ်တပ် ရွေးကောက်ပွဲကို အခုအချိန်ထိ အသိအမှတ်မပြုဘူးလို့ ပြောသွားတာ တွေ့ရတယ်။အာဆီ ယံက အခုလိုတည့်တည့်ပြောလိုက်တာက စစ်ကော်မရှင်အတွက် အပြင်းထန်ဆုံး သံတမန်ရေး ထိုးနှက်ခံရမှုပါပဲ။ ဒါပေမဲ့၊ အခုအချိန်ထိ အသိအမှတ်မပြုဘူးဆိုတာ မနက်ဖြန်၊သဘက်ခါမှာ အသိ အမှတ်ပြုတာမျိုး ဖြစ်ကောင်းဖြစ်နိုင်သလားလို့တော့ မေးခွန်းထုတ်ရမယ်”ဟု မုံရွာအခြေစိုက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
အာဆီယံအနေနှင့် အာဆီယံဘုံသဘောတူညီချက်၅ရပ်ကို လေးစားလိုက်နာခြင်းမရှိသည့် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲရလဒ်နှင့် အစိုးရအမည်ခံဟန်ပြအစုအဖွဲ့ကို လုံးဝလက်မခံကြောင်း တိ ကျပြတ်သားသည့် ထုတ်ပြန်မှုမျိုး ပြုလုပ်ရန် အလေးအနက် တိုက်တွန်းကြောင်းလည်း NUCCနှင့် NUGက ဆို သည်။
၂၀၂၀ရွေးကောက်ပွဲရလဒ်သည်နိုင်ငံရေးအရ တရားဝင်မှု ရှိနေဆဲဖြစ်ကြောင်းနှင့် တော်လှန်ရေးအင် အားစုများအနေနှင့် တော်လှန်ရေးရည်မှန်းချက်များ ပြီးပြည့်စုံသည်အထိ ဆက်လက်တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ယနေ့ ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး အပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Theresa Lazaro က အာဆီယံအနေနှင့် စစ်ကော်မရှင်ရွေးကောက်ပွဲကို ယခုအချိန်ထိ အသိအမှတ်မပြုကြောင်း ပြောကြားခဲ့သည်။
