စစ်သုံ့ပန်းများ ထောက်ဖောက်မှု ဖြစ်စဉ်အတွက် ကရင်နီလူထုကို IEC တောင်းပန် ၊ ရှစ်ဦးကို အသေဖမ်းမိ

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-ထိုင်းနိုင်ငံသို့ ထွက်ပြေးလွတ်မြောက်ခဲ့သည့် စစ်သုံ့ပန်းအချို့

ကရင်နီပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် စစ်သုံ့ပန်းများနှင့် အကျဉ်းသားများ အုပ်စုဖွဲ့ ထောင်ဖောက်ထွက်ပြေးမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြည်သူလူထုတစ်ရပ်လုံးကို တောင်းပန်လိုက်ပြီး၊ ထွက်ပြေးသူများအနက် ပြန်လည်ခုခံသည့် စစ်သုံ့ပန်း ၈ ဦးကို အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ယနေ့တွင် အသေးစိတ် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အကျဉ်းသားများသည် ထောင်ဖောက်ထွက်ပြေးရန်အတွက် အတွင်း၊ အပြင် ချိတ်ဆက်မှုများကို ၃ လခန့် ကြိုတင်ပြင်ဆင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်နေ့က စစ်သုံ့ပန်း (၇၆) ဦး၊ ထောင်ဝန်ထမ်း (၂) ဦးနှင့် မူးယစ်ဆေးဝါးတရားခံ (၅) ဦး၊ စုစုပေါင်း (၈၃) ဦး ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ ရှာဖွေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာတွင် စစ်သုံ့ပန်းအချို့မှ ပြန်လည်ခုခံပစ်ခတ်သဖြင့် (၈) ဦးကို အသေပစ်ခတ်ဖမ်းဆီးခဲ့ပြီး (၂) ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့ထံမှ လက်နက်ငယ် (၅) လက်နှင့် ကျည်အချို့ သိမ်းဆည်းရမိခဲ့ကာ ကျန်ရှိသူအများစုမှာ ထိုင်းစစ်တပ်ထံ လက်နက်ချ အဖမ်းခံခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထိုင်းစစ်တပ်၏ အသိပေးချက်နှင့် တရားရေးဌာန၏ အစီရင်ခံစာများအရ ၎င်းတို့သည် အုပ်စုများဖွဲ့၍ လှုပ်ရှားခြင်း၊ နယ်စပ်ဖြတ်ကျော်ပြီးနောက် ထိုင်းနိုင်ငံအတွင်း၌ ဆုံမှတ်နေရာများ သတ်မှတ်ခြင်း၊ ဖုန်းဆင်းကတ်များနှင့် ဆက်သွယ်ရမည့် နံပါတ်များ ကြိုတင်စီမံခြင်းအပြင် ခုခံရန်အတွက် လက်နက်နှင့် ရိက္ခာများကိုပါ စနစ်တကျ ပြင်ဆင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုဖြစ်စဉ်တွင် အကျဉ်းသားများ လွတ်မြောက်အောင် ပူးပေါင်းပါဝင်ခဲ့သည့် ထောင်အမှုထမ်း (၂) ဦးအား ပြစ်မှုဆိုင်ရာဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း၊ IEC အနေဖြင့် စစ်သုံ့ပန်းထိန်းသိမ်းရေးဆိုင်ရာ လုံခြုံရေးအစီအမံများကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေများနှင့်အညီ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကျဉ်းထောင်ပြုပြင်ပြောင်းလဲမှုများအတွက် နိုင်ငံတကာအဖွဲ့အစည်းများထံမှ နည်းပညာနှင့် ရန်ပုံငွေ အကူအညီများ ဖိတ်ခေါ်သွားမည်ဟု ဆိုထားသည်။

ယခုဖြစ်စဉ်ကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့ရသည့်အပေါ် IEC အနေဖြင့် စိတ်မကောင်းဖြစ်ရပါကြောင်းနှင့် ကရင်နီပြည်လူထုတစ်ရပ်လုံးကို အလေးအနက် တောင်းပန်အပ်ကြောင်း ဖော်ပြထားသည်။ အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ပြည်သူ့လုံခြုံရေးကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။