၂၀၁၉ – ၂၀၂၀ ကာလ ကိုဗစ်ရောဂါ စတင်တွေ့ရှိချိန်တွင် တတ်သည့် ပညာအပြည့်ဖြင့် ပြည်သူကို ကာကွယ်ပေးခဲ့သူ ဆေးပညာရှင် ဆရာဝန်၊ သူနာပြုများ များစွာကို မြန်မာပြည်ကြီး တစ်ချိန်က ပိုင်ဆိုင်ခဲ့ဖူးပါသည်။
ထိုပညာရှင်တပ်ဦးကို ဦးဆောင် မောင်းနှင်ခဲ့သူများ အကြောင်းကို ပြောကြလျှင် မပါမဖြစ် ပညာရှင်ကြီးနှစ်ဦးအား အမှတ်ရစွာ အမည်နာမ ရေရွတ်ကြမည် ဖြစ်သည်။ ဟုတ်ပါသည်။ NLD အစိုးရခေတ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့် ထိုခေတ်က ပါမောက္ခချုပ်များ ကော်မတီ ဥက္ကဌ ဒေါက်တာ ဇော်ဝေစိုး တို့ ဖြစ်ပါသည်။
ဆရာကြီး ဦးမြင့်ထွေးကို ကိုဗစ်ရောဂါကာကွယ်ရေးတပ်ဦး၏ စစ်ဦးစီးချုပ်ကြီးဟု တင်စားရလျှင် ဆရာကြီး ဦးဇော်ဝေစိုးကိုကား ဒု-တပ်ချုပ်အဖြစ် တင်စားရလိမ့်မည် ဖြစ်သည်။ ယခု ဆောင်းပါးကား ဇန်နဝါရီ ၂၆ရက်၌ ကွယ်လွန်သွားသော ဆရာကြီး ဦးမြင့်ထွေး အမှတ်တရ ဆောင်းပါးဖြစ်ပါသည်။
■ သူ၏ ပညာအရည်အချင်းများ
ဆရာကြီး ဒေါက်တာမြင့်ထွေးသည် ၁၉၆၆ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် ပညာသင်ကြားခဲ့ကာ ဆေးပညာဘွဲ့ ရရှိခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာ ဒီပလိုမာဘွဲ့ကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။
ထို့နောက် ဖိလစ်ပိုင်နိုင်ငံ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပညာသင်ဆု ရရှိကာ ၁၉၈၂ ခုနှစ်တွင် ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ကို ရရှိခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု နာမည်ကျော် ဂျွန်ဟော့ကင်းတက္ကသိုလ်မှ ပြည်သူကျန်းမာရေး ပါရဂူဘွဲ့ကို ရရှိခဲ့သည်။ အဆိုပါ တက္ကသိုလ်မှပင် ထူးချွန်ကျောင်းသားဟောင်းဆုကို ၂၀၂၀ ခုနှစ်၌ ချီးမြှင့်ခံခဲ့ရသည်။
■ ဝန်ကြီး ဖြစ်လာခြင်း
ဆရာကြီး ဦးမြင့်ထွေးသည် ပြည်သူ့ကျန်းမာရေး ပါရဂူတယောက်ဖြစ်သည်နှင့်အညီ ပြည်ထောင်စုဝန်ကြီး မဖြစ်လာမီ ဆယ်စုနှစ်များအတွင်း ၎င်း၏ ပညာရပ်ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများကို ပေါင်းစပ်ကာ မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးကဏ္ဍ တိုးတက်ပြောင်းလဲရေးအတွက် အစဉ်တစိုက် ကြိုးပမ်း အားထုတ်ခဲ့သည်။
၁၉၉၄ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အရှေ့တောင်အာရှဒေသရုံးတွင် ဒေသဆိုင်ရာ အကြံပေးအဖြစ် ခန့်အပ်ခံရပြီး ၂၀၁၁ ခုနှစ် စီမံကိန်းစီမံခန့်ခွဲရေး ညွန်ကြားရေးမှူး တာဝန်ဖြင့် အငြိမ်းစားယူချိန်ထိ ရာထူးတာဝန်အဆင့်ဆင့်ကို ၁၇နှစ်ကြာ ထမ်းဆောင်ခဲ့သည်။
၂၀၁၆ ခုနှစ်တွင် သမ္မတ ဦးထင်ကျော်၏ အရပ်သားအစိုးရ အဖွဲ့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံခဲ့ရသည်။
■ နားနှစ်ဘက်လုံးနှင့် နားထောင်တတ်သူ
ဆရာကြီး ဒေါက်တာမြင့်ထွေးသည် ပညာအရည်အချင်း ပြည့်ဝရုံမက ဝန်ထမ်းရေးရာ ကိစ္စများတွင်လည်း နှစ်ဘက်နားဖြင့် နားထောင်တတ်ပြီး မျှတအောင်၊ အကောင်းဆုံး ဖြစ်အောင် ဆုံးဖြတ်လေ့ရှိသည်။
စာရေးသူတို့ အလုပ်သင်ဆရာဝန်ဘဝ ၂၀၁၉ ခုနှစ်က အထင်ရှားဆုံး မှတ်မိနေသည့် ဖြစ်ရပ်တစ်ခု ရှိသည်။ ထိုစဉ်က အလုပ်သင်ဆရာဝန်များ လုပ်ငန်းခွင်အတွင်း ဖိနှိပ်ခံရခြင်း၊ ချီးမြှင့်ငွေများ ဖြတ်တောက်ခံရခြင်း အပါအဝင် အလုပ်သင်ဆရာဝန် လေ့ကျင့်သင်ကြားရေးစနစ်၏ မှားယွင်းမှုများကို ဆရာကြီး ဝန်ကြီးနှင့် တိုက်ရိုက်ဆွေးနွေး တင်ပြခွင့် ရခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က ရန်ကုန် ဆေးတက္ကသိုလ် (၁) နှင့် (၂) မှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသားများ၏ တင်ပြချက်များကို အလေးအနက်ထား နားထောင်၍ သင်ကြားရေးဆေးရုံများဘက်မှ အခြေအနေများနှင့် ချိန်ဆကာ ပြုပြင်ပြောင်းလဲရေးကို ညွှန်ကြားခဲ့သည်။
သို့သော်လည်း ထိုစဉ်က အမြဲတမ်းအတွင်းဝန် ဖြစ်နေခဲ့သည့် ဒေါက်တာသက်ခိုင်ဝင်း (လက်ရှိ စစ်ကော်မရှင် ကျန်းမာရေးဝန်ကြီး)နှင့် ပြုပြင်ပြောင်းလဲရေး မလိုလားသည့် အခြားသော ၎င်း၏ အပေါင်းအပါ ဆရာဝန်ကြီးများက မလိုက်နာဘဲ စနစ်ပြင်ဆင်ရေးကို လျစ်လျူရှုခဲ့ကြသောကြောင့် ဆရာကြီး၏ ပြုပြင်ပြောင်းလဲရေး အစီအမံများမှာ ရွေ့သင့်သလောက် မရွေ့၊ အရာမထင်ဘဲ ဖြစ်ခဲ့ရသည်။
■ အထင်ရှားဆုံး စကားတစ်ခွန်း
ဆရာကြီးနှင့် ပတ်သတ်ပြီး ပြည်သူအများ၏ နားထဲတွင် အထင်ရှားဆုံး စွဲကျန်နေသော စကားတစ်ခွန်း ရှိသည်။ ကိုဗစ်အစီအမံများနှင့် ပတ်သတ်၍ အချို့သော လူပုဂ္ဂိုလ်များ ဝေဖန်မှု ရှိနေသည်ကို သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် “ဝေဖန်တဲ့သူကို ကျနော်နဲ့ လာတွေ့ခိုင်းလိုက်၊ ဒီမှာ လာကြည့် ဖျားသွားမယ်” ဆိုသော စကားပင်။
ကိုဗစ်ရောဂါ ကာကွယ်ရေးနှင့် ပတ်သတ်၍ မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ထမ်းများမှ ပြင်ဆင်ထားရှိမှုများကို မြင်လျှင် အံ့ဩသွားမည် ဆိုသော အဓိပ္ပါယ်ဖြင့် ပြောဆိုခဲ့သော စကား ဖြစ်သည်။ ထို “ဖျားသွားမယ်” ဆိုသော စကားကို ပြည်သူများ နားထဲ စွဲကျန်နေပြီး လူအချို့ လှောင်ပြောင် ပြောဆိုကြသည်အထိ ထိုအချိန်က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေပန်းစားခဲ့သည်။
■ အာဏာရှင်ကို ကျောခိုင်းခြင်း
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ မင်းအောင်လှိုင် စစ်အုပ်စု အာဏာသိမ်းချိန်တွင် ဆရာကြီးသည် စစ်အာဏာရှင် လက်အောက်တွင် တာဝန်ထမ်းဆောင်ရန် ငြင်းဆန်ပြီး အိတ်တစ်လုံးဆွဲကာ ရဲဝင့်စွာ နှုတ်ဆက် ထွက်ခွာ သွားသည်ဆိုသော အချက်မှာလည်း ကိုယ်တိုင် မြင်တွေ့ခဲ့ကြသူများ ယခုတိုင် ပြောဆိုနေကြဆဲ ဖြစ်သည်။
တချို့ကမူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် အစောဆုံး CDM ပြုလုပ်ခဲ့သည့် ရာထူးကြီး ဝန်ထမ်း တစ်ဦး ဖြစ်သည်ဟု သတ်မှတ် ဂုဏ်ပြု ကြသည်။
■ ကျေးဇူးတရားတို့ သိလေပြီ
ကိုဗစ်ရောဂါ ကာကွယ်ရေး ပြင်ဆင်ထားရှိမှုများကို ဆရာကြီး ပြောပြခဲ့စဉ်က ယုံတဝက် မယုံတဝက်နှင့် လှောင်ခဲ့ထေ့ခဲ့သူများအပါအဝင် ပြည်သူအများသည် ဆရာကြီး၏ စေတနာ၊ ပညာ၊ ဦးဆောင်နိုင်စွမ်းနှင့် ကာကွယ်တားဆီးနိုင်စွမ်းတို့ကို စစ်တပ် အာဏာသိမ်းအပြီး (၆)လခန့်အကြာ ကိုဗစ် တတိယလှိုင်းတွင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့လိုက်ရသည်။
အာဏာသိမ်း စစ်ကော်မရှင် လက်အောက်တွင် ဖြစ်ပွားနှုန်း၊ သေဆုံးနှုန်း မြင့်တက်၍ ဆေးဝါးနှင့် အောက်ဆီဂျင်များ ပြတ်လတ်ပြီး ဆွေမျိုးများ ဆုံးရှုံးလာရသည့် အချိန်တွင် NLD အစိုးရလက်ထက် ဆရာကြီးဝန်ကြီးတို့ မည်မျှ ကာကွယ်ထား၊ အားစိုက်ထားသည်ကို တွေးကြည့်ကာ သိရှိလာကြသည်။
ကွာရန်တင်း စင်တာများမှ အစ ကုသမှု အဆုံး အားလုံးတွင် အစစ အရာရာ မိုးနဲ့မြေ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။ ထိုအချိန်မှသာ ကျေးဇူးတရားတို့ သိခဲ့ကြရလေပြီ။
■ သူထွက်ခွာသွားလေပြီ
အခုတော့ ဆရာကြီး ငြိမ်းချမ်းရာဆီ ထွက်ခွာသွားပြီ ဖြစ်သည်။ ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၆ ရက်သည် အဖိုးတန် ပြည်သူ့ကျန်းမာရေး ပညာရှင်ကြီး တစ်ဦးကို မြန်မာပြည်သူတို့ ထာဝရ ဆုံးရှုံးလိုက်ရသော နေ့ ဖြစ်သည်။
ဆရာကြီး၏ “ဖျားသွားမယ်” ဆိုသော စကားနှင့် တွဲလျက် ပါလာခဲ့သော စေတနာ၊ ပညာများကား မြန်မာပြည်သူတို့ တရွေ့ရွေ့ ခံစား သိရှိနေကြဆဲ ဖြစ်သည်။ အမေရိကန်၊ ဗြိတိန် စသည့် ချမ်းသာသော နိုင်ငံကြီးများပင် မစွမ်းနိုင်ခဲ့သည့် ကိုဗစ်ကာကွယ်ရေး အစီအမံများကို အကောင်အထည် ဖော်နိုင်ခဲ့ဖူးသည့် ပညာရှင်ကြီးတစ်ဦး မြန်မာနိုင်ငံတွင် ပေါ်ခဲ့ဖူးသည် ဆိုသည်ကို နှောင်းလူတို့အား တစ်ထောင့်တစ်ည ပုံပြင်များသဖွယ် နှစ်ပေါင်းများစွာတိုင် လွမ်းဆွတ်တမ်းတ ပြောပြကြရပေဦးတော့မည်။
