အတုအယောင်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အနိုင်ရပြီးနောက် ကိုယ်စားလှယ်စရိတ်များ စစ်ခေါင်းဆောင် တိုးမြှင့်ပေး

ဓာတ်ပုံ-လူမှုကွန်ရက်

အတုအယောင် ရွေးကောက်ပွဲတွင် အရပ်ဝတ်လဲ စစ်ဗိုလ်ချုပ်များ၏ ကြံ့ခိုင်ရေးပါတီ (USDP) အနိုင်ရပြီးနောက် အာဏာ သိမ်း စစ်ခေါင်းဆောင်က လွှတ်တော်ကိုယ်စားလှယ်များ၏ အသုံးစရိတ်များကို တိုးမြှင့်ပေးလိုက်ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကော်မရှင်၏ ဇန်နဝါရီ ၂၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်အရ လွှတ်တော်ကိုယ်စားလှယ်များ၏ တည်းခိုနေထိုင်စရိတ်ကို ကျပ် ၅,၀၀၀ မှ ကျပ် ၈,၀၀၀ သို့လည်းကောင်း၊ အခြားအသုံးစရိတ်ကို ကျပ် ၅,၀၀၀ မှ ကျပ် ၇,၀၀၀ သို့လည်းကောင်း တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ချီးမြှင့်ငွေနှင့် စရိတ်များကိုလည်း ကျပ်တစ်သောင်းမှ ကျပ်နှစ်သောင်းသို့ တိုးမြှင့်ပေးခဲ့သည်ကို အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

“အခုတိုးပေးလိုက်တာကို ကြည့်ရင် ကိုယ်စားလှယ်တစ်ယောက်ကို တစ်ရက် လေးသောင်းလောက် ရမယ့်သဘောပေါ့။ အရင်ကထက် နှစ်ဆလောက် ပိုရလာမယ်ပေါ့လေ။ ဒါတွေက နိုင်ငံ့ဘဏ္ဍာထဲက သုံးရမယ့် စရိတ်တွေပေါ့” ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကြံ့ခိုင်ရေးပါတီသည် အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၂) အထိ လွှတ်တော်ကိုယ်စားလှယ် ၆၀၇ ဦးအနက် ၄၇၁ ဦးအထိ အနိုင်ရရှိထားပြီး အပိုင်း (၃) တွင်လည်း ၎င်းတို့သာ အများစုအနိုင်ရရန် သေချာနေကြောင်း သိရသည်။

အတုအယောင် ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၂၆၃ မြို့နယ်၌ ပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၈၈ ဦး ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ယခု စရိတ်တိုးမြှင့်ပေးမှုအရ လွှတ်တော်များ ကျင်းပနေစဉ်ကာလအတွင်း နိုင်ငံ့ဘဏ္ဍာမှ တစ်ရက်လျှင် ကျပ်ငွေ ၂၇ သန်းခွဲကျော် ကုန်ကျနေမည် ဖြစ်သည်ဟု သိရသည်။

“လွှတ်တော်တက်တဲ့ ကိုယ်စားလှယ်တိုင်းအတွက် တိုင်းဒေသကြီးဖြစ်ဖြစ်၊ ပြည်နယ်ဖြစ်ဖြစ်၊ ပြည်ထောင်စုဖြစ်ဖြစ် တစ်ရက်ကို ၂၇ သန်းလောက် ကုန်ကျနေမယ့် သဘောရှိတယ်။ ဒါ မနည်းမနောပါပဲ။ တိုင်းပြည် စီးပွားရေး ချွတ်ခြုံကျနေတဲ့အချိန်မှာ လူထုမကြိုက်တဲ့သူတွေကို လူထုရဲ့ ပိုက်ဆံနဲ့ ပေးချေနေရတာ စိတ်ပျက်စရာကြီးပါဗျာ” ဟု ပြည်တွင်းသတင်းသမားတစ်ဦးက ဝေဖန်ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်သည် ဒီဇင်ဘာ ၂၈ ရက်မှစ၍ အတုအယောင် ရွေးကောက်ပွဲကို သုံးပိုင်းခွဲ၍ ပြုလုပ်ခဲ့ပြီး ၎င်းတို့စိတ်ကြိုက် ရွေးကောက်ပွဲဥပဒေများ ရေးဆွဲကာ အတိုက်အခံများကို ဖိနှိပ်၍ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲသို့ လူထုအများစုက သွားရောက်မဲပေးခဲ့ခြင်း မရှိဘဲ စစ်တပ်ထောက်ခံသူများသာ မဲပေးခဲ့သဖြင့် အရပ်ဝတ်လဲ စစ်ဗိုလ်ချုပ်များ ကြီးစိုးသည့် ကြံ့ခိုင်ရေးပါတီသာ အနိုင်ရခဲ့သည်ကို တွေ့ရသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်သည် အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် သမ္မတလုပ်ရန် ကြံစည်နေပြီး ၎င်းကို သမ္မတအဖြစ် တင်မြှောက်ပေးမည့် လွှတ်တော်ကိုယ်စားလှယ်များကို ယခုကဲ့သို့ အသုံးစရိတ်များ တိုးမြှင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။