မြန်မာမြို့အားလုံး၏ သုံးပုံနှစ်ပုံခန့်ကို အကူအညီပေးနိုင်ရန် လျာထားဟု ကုလဆို

ဓာတ်ပုံ-ခင်ဦးပအဖ၊ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
ပုံစာ- ခင်ဦးစစ်ဘေးရှောင်ပြည်သူများနှင့် ခင်ဦးပအဖ က ရိက္ခာများ လှူဒါန်းနေစဉ်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်အားလုံး၏ သုံးပုံနှစ်ပုံခန့်ကို အကူအညီပေးနိုင်ရန် လျာထားကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA Myanmar ထံက သိရသည်။

၂၀၂၆ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ်အရ ပဋိပက္ခနှင့် ငလျင်ဘေးသင့်ဒေသများကို အဓိကထား ကူညီပေးမှာဖြစ်ကြောင်းလည်း ဆိုသည်။

ခင်ဦးမြို့နယ်အခြေစိုက် PDF ရဲဘော်တစ်ဦးကမူ “ ကုလသမဂ္ဂက ကူတာတော့ ကူနေတယ်လို့ ပြော တာတွေ ကြားပါတယ်။ဒါပေမဲ့၊ကျနော်တို့ ခင်ဦးဆိုရင်လည်း ပြည်သူတွေက ဒုက္ခမျိုးစုံနဲ့ပဲ။ဒါပေမဲ့၊ ကုလသမဂ္ဂဆီကနေ ဆန်တစ်ဗူးရတာမျိုးတောင် မရှိဘူး”ဟု MPAသို့ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူဦးရေ ၃ ဒသမ ၆ သန်းခန့် ရှိမည်ဟု UNOCHA က ခန့်မှန်းထားသည်။

ဒိန်းမတ်နိုင်ငံအနေနှင့် ၂၀၂၅-၂၀၂၆ခုနှစ် မြန်မာနိုင်ငံလူသားချင်းစာနာထောက်ထားမှုရန်ပုံငွေ (Myanmar Humanitarian Fund – MHF) သို့ ယူရို ၂ဒဿမ၉ သန်း ပါဝင်လှူဒါန်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံးက ထုတ်ပြန် ထားသည်။

ယင်းထောက်ပံ့မှုသည် ပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် နေရပ်ရွှေ့ပြောင်း‌နေထိုင်ကြ ရသောမြန်မာပြည်သူများအတွက် မြန်မာနိုင်ငံအတွင်းရှိ ဒေသခံ မိတ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့် လူသားချင်းစာနာမှုအကူအညီများကို ပေးအပ်နိုင်ရန်ဖြစ်ပြီး UNOCHA မှတစ်ဆင့် ဒိန်းမတ်နိုင်ငံသည် နိုင်ငံ‌ပေါင်းစုံပူးပေါင်းဆောင်ရွက်ရေး တွင်ပါဝင်ကာ အကူအညီအလိုအပ်ဆုံးသူများအား အချိန်နှင့်တ ပြေးညီ ထိရောက်ပြီး ညှိနှိုင်းထားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုရရှိစေရန် ကတိကဝတ်ပြုထားကြောင်း ဒိန်းမတ်သံရုံးက ထုတ်ပြန်ထားသည်။

“စစ်တပ်လမ်းကြောင်းကနေ မဟုတ်ဘဲ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့တွေကနေတစ်ဆင့်ပေးတဲ့ နိုင်ငံတကာရဲ့ အထောက်အပံ့တွေကို ကျနော်တို့ ကျေးဇူးတင်ရပါမယ်။ဒါပေမဲ့၊မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့တွေက ဘယ်ဒေသက ပြည်သူတွေကို ဘာတွေ ပံ့ပိုးခဲ့တယ်ဆိုတဲ့ ပွင့်လင်းမြင်သာ တဲ့ သတင်းထုတ်ပြန်မှုတွေ အင်မတန်အားနည်းတော့ ပြည်သူတွေက ယုံကြည်မှု သိပ်မရှိဘူးဖြစ်နေ တယ်”ဟု နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက သုံးသပ်သည်။

တော်လှန်ရေးစိုးမိုးထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးသင့်ပြည်သူများကို အကူအညီပေးနိုင် မည့် နည်းလမ်းများအား ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များက စဉ်းစားလုပ်ဆောင်သင့်ကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အကူအညီလိုအပ်နေသူ ၁၆ဒဿမ၂သန်း၊ ယခုနှစ်အတွင်း လူသားချင်းစာနာမှုအကူ အညီပေးရန် လျာထားသူဦးရေ ၄ဒဿမ၉သန်း နှင့် အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး အတွက် ရန်ပုံငွေလိုအပ်ချက် ကန်ဒေါ်လာ သန်း၈၉၀ရှိကြောင်း UNOCHA Myanmar ကထုတ်ပြန်သည်။