လားရှိုးနှင့် ရှမ်းမြောက်ဒေသတွင် စစ်ဆေးမှုတင်းကျပ်ပြီး ဂိတ်ကြေးများပြားမှုကြောင့် ကုန်ဈေးနှုန်း လေးဆခန့် ထိုးတက်လာ

ဓာတ်ပုံ-လူမှုကွန်ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသော လားရှိုးမြို့တွင် လမ်းပန်းဆက်သွယ်ရေး တင်းကျပ်လာခြင်းနှင့်အတူ ကုန်ဈေးနှုန်းများ အဆမတန် ထိုးတက်နေပြီး စီးပွားရေးလုပ်ငန်းများ ယခင်နှစ်ထက် သိသိသာသာ ကျဆင်းလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

လားရှိုးမြို့အဝင်အပါအဝင် မိုင်းရယ်၊ နမ့်လန်၊ တာလုံဖောင်ဆိပ်နှင့် သီပေါတံတားဂိတ်များတွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာနေပြီး ဖမ်းဆီးမှုများလည်း ရှိနေကြောင်း သိရသည်။ ထို့ပြင် လားရှိုးမြို့ပေါ်တွင် သူခိုး၊ ဓားပြနှင့် လောင်းကစားဝိုင်းများ များပြားလာခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲများစွာ ကြုံတွေ့နေရခြင်းဖြစ်သည်။

“အခုတလော လားရှိုးမှာ အလုပ်အကိုင်က တအားရှားပါးလာတယ်။ လမ်းတွေပိတ်ထားတော့ ကုန်ဈေးနှုန်းက လေးဆလောက် ထိုးတက်သွားတယ်။ စစ်တပ်ကလည်း အဖမ်းအဆီး အရမ်းကြမ်းလာတယ်။ အလုပ်သမားခက မတက်ပေမဲ့ အခြေခံစားသောက်ကုန်ဈေးက တဖြည်းဖြည်း တက်နေတော့ စီးပွားရေးလုပ်ရတာ လုံးဝအဆင်မပြေဘူး” ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ လားရှိုးမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားနှင့် စက်သုံးဆီဈေးနှုန်းများမှာ လေးဆခန့် မြင့်တက်လာကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းဝန်းကျင်သာ ရှိသော်လည်း ဇန်နဝါရီလ ၁၉ ရက်တွင် ကျပ်တစ်သိန်းခွဲအထိ ဖြစ်လာသည်။ ထို့အတူ ဆီ ၁၀ ပိဿာတစ်ပုံးလျှင် ကျပ်တစ်သိန်းသုံးသောင်းနှင့် ကြက်သွန်ဖြူ/နီ တစ်ပိဿာလျှင် ကျပ်တစ်သောင်းနီးပါးအထိ ဈေးတက်လာခြင်းဖြစ်သည်။

“ဆန်က အရင်က တစ်သိန်းစွန်းစွန်းပဲရှိတာ၊ အခု တစ်သိန်းခွဲကနေ တစ်သိန်းခုနစ်သောင်းထိ ချက်ချင်းတက်သွားတယ်။ ဆိုင်ရှင်တွေပြောတာတော့ ဂိတ်တွေမှာ စစ်ဆေးတာ တအားများသလို ဂိတ်ကြေးတွေကလည်း အရမ်းပေးနေရလို့ ဈေးတက်ရတာလို့ ပြောတယ်” ဟု လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

အလားတူ သီပေါမြို့တွင်လည်း သီပေါတံတားကို စစ်ကောင်စီတပ်က သုံးလနီးပါးကြာသည်အထိ ပိတ်ထားဆဲဖြစ်ရာ၊ ကမ်းကူးခနှင့် ဂိတ်ကြေးများကြောင့် ကုန်ဈေးနှုန်းများမှာ နှစ်ဆခန့် မြင့်တက်နေသည်။

“ရန်ကုန်၊ မန္တလေးဘက်ကနေ ကုန်သွင်းဖို့ ခက်ခဲလာတယ်။ စစ်ဆေးမှုနဲ့ ဂိတ်ကြေးက အရမ်းများတော့ ပြန်ရောင်းတဲ့အခါ ဈေးလျှော့လို့မရဘူး။ တချို့ကုန်ပစ္စည်းတွေဆို သိမ်းခံရတာတောင် ရှိတယ်။ ဝယ်သူရော ရောင်းသူရော ဒုက္ခရောက်နေကြတာပါ” ဟု သီပေါမြို့မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ သီပေါ၊ လားရှိုးနှင့် နောင်ချိုမြို့များကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း ကုန်ဈေးနှုန်း မြင့်တက်မှုနှင့် အလုပ်အကိုင် ရှားပါးမှုများကြောင့် ဒေသခံအများအပြားမှာ တရုတ်နိုင်ငံ၊ ဝပြည်နယ်နှင့် အခြားဒေသများသို့ ပြောင်းရွှေ့ထွက်ခွာနေကြကြောင်း သိရသည်။ စစ်ကောင်စီထိန်းချုပ်ထားသည့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင်လည်း ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။