ထိုင်းရွေးကောက်ပွဲအတွက် People’s Party မဲအသာရရန် ရေပန်းစားနေ

ပုံစာ - People’s Party ခေါင်းဆောင် နတ်ထာဖုန် ရွန်ပန်ရွတ်

ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီ ၈ ရက်နေ့၌ ကျင်းမည့် ရွေးကောက်ပွဲအတွက်ကောက်ယူထားသည့် လူထုသဘောထားစစ်တမ်းများတွင် People’s Party က မဲအသာရရန် ရေပန်း စားနေသည်။

ဇန်နဝါရီ ၁၆ ရက်မှ ၂၈ ရက်အတွင်း လူပေါင်း ၂၆,၆၂၁ ဦးကို မေးမြန်းကောက်ယူခဲ့ပြီး ဇန်နဝါရီ ၃၀ တွင် ထုတ်ပြန်သည့် Suan Dusit တက္ကသိုလ်၏ စစ်တမ်းအရ ဖြေဆိုသူ ၃၅.၁ ရာခိုင်နှုန်းက People’s Party ခေါင်းဆောင် နတ်ထာဖုန် ရွန်ပန်ရွတ်ကို ထောက်ခံကြပြီး၊ ဖွေထိုင်းပါတီ၏ ဝန်ကြီးချုပ်လောင်း ယော့ရှာနန် ဝမ်ဆာဝပ်က ၂၁.၅ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိနေကာ ဝန်ကြီးချုပ်အနုတင်က ၁၆.၁ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင်သာ ရှိနေသည်။

ဖေဖော်ဝါရီ ရွေးကောက်ပွဲသည် အနုတင်၏ ဘူမ်ဂျိုင်ထိုင်းပါတီ၊ ယခင်အာဏာရ ဖွေထိုင်းပါတီနှင့် ပြုပြင်ပြောင်းလဲရေးသမား People’s Party တို့ကြား သုံးပွင့်ဆိုင် ပြိုင်ပွဲတစ်ခုဖြစ်နေသည်။

People’s Party သည် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း ကွန်ဆာဗေးတစ် လွှတ်တော်အမတ်များ၏ ဟန့်တားမှုကြောင့် အစိုးရမဖွဲ့နိုင်ခဲ့ဘဲ နောက်ပိုင်းတွင် တရားရုံးအမိန့်ဖြင့် ဖျက်သိမ်းခံခဲ့ရသည့် Move Forward ပါတီ၏ မျိုးဆက်သစ် ဖြစ်သည်။

National Institute of Development Administration (NIDA) ၏ စစ်တမ်းတစ်ခုတွင်လည်း မနတ်ထာဖုန် က ထောက်ခံမှု ၂၉ ရာခိုင်နှုန်းဖြင့် ရှေ့ဆုံးမှ ဦးဆောင်နေပြီး၊ ဇန်နဝါရီလအစောပိုင်းက ထောက်ခံမှု ၂၄.၇ ရာခိုင်နှုန်းထက် မြင့်တက်လာခဲ့သည်။

အနုတင်မှာမူ ၂၂.၂ ရာခိုင်နှုန်းဖြင့် အနည်းငယ်သာ မြင့်တက်လာသည်ကို တွေ့ရသည်။

အနုတင်အနေဖြင့် ၎င်းကို ထောက်ခံသည့် ကွန်ဆာဗေးတစ် မဲဆန္ဒရှင်များကို ပြန်လည်စုစည်းရန် ဖိအားများနှင့် ရင်ဆိုင်နေရပြီး၊ ရွေးကောက်ပွဲအပြီးတွင် အကြိတ်အနယ်ရှိလာနိုင်သည့် ညွန့်ပေါင်းအစိုးရဖွဲ့ရေး ဆွေးနွေးမှုများအတွက် အစိုးရအုပ်ချုပ်မှုလမ်းစဉ်ကို တင်ပြရမည်ဖြစ်သည်။