မြိုင်တွင် စစ်ကြောင်းထိုးနေသည့်တပ် ဒေသခံ ၃၀ ခန့်ကို ဖမ်းဆီးထား

ဓာတ်ပုံ - အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်
ပုံစာ - စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ရှောင်ဘုန်ကြီးကျောင်း၊ တဲများနှင့် ကျဆုံးရဲဘော် ၂ဦး၏ ကျောက်တိုင်။

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းတွင် စစ်‌ကြောင်းထိုးနေသည့်တပ်က ပြည်သူ ၃၀ ခန့်ကို ဖမ်းဆီးထားကြောင်းသိရသည်။

ယနေ့ (ဇန်နဝါရီ ၃၀ရက်) နံနက် ၈နာရီခန့်တွင် ယင်းစစ်ကြောင်းထိုးနေသည့်တပ်သည် မြဇီးတောရွာသို့ ဝင်ရောက်ပြီး ရွာခံများအား ဖမ်းဆီးထားကြောင်း အညာမြေအရပ်ဖက်လူမှု အဖွဲ့အစည်း – မြိုင်ထံက သိရသည်။

” ရှောင်တာကတော့ ည စစ်ကြောင်းကပ်တယ်ဆိုတော့ ရှောင်တယ်ပေါ့လေ။ စစ်ကြောင်းက တခြား ပြန်သွားပြီအထင်နဲ့ ကိုယ့်ရွာကိုယ်ပြန်ပြီး ထမင်းချက်တာတွေ၊ နွားကျွေးတာတွေ၊ ဝက်ကျွေးတာတွေ အဲ့လိုလေးတွေ လုပ်တဲ့နေရာမှာ ဝင်လာတာကို မသိဘဲ အဖမ်းခံရတာလို့သိရတယ်ဗျ” ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်မှ ဆရာထွေးက MPA သို့ပြောသည်။

ယင်းစစ်ကြောင်းသည် ယနေ့မွန်းလွဲ ၁နာရီခွဲခန့်အထိ မြဇီးတောရွာထဲ၌ ရှိနေသေးကြောင်း သိရသည်။

” မီးရှို့တာဘာညာတော့ ကျနော်တို့လည်း မတွေ့ရသေးဘူးဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။

ဖမ်းဆီးခံထားရသည့် ပြည်သူများ၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။

ယင်းစစ်ကြောင်းသည် ဇန်နဝါရီလဆန်းပိုင်းကတည်းက ပခုက္ကူတပ်မ ၁၀၁မှထွက်လာပြီး ပခုက္ကူနှင့် မြိုင်မြို့နယ်အတွင်း လှည့်ပတ်ထိုးနေသည့် အင်အား ၂၀၀ဝန်းကျင်ပါစစ်ကြောင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ရက်၊ နံနက်ပိုင်းကလည်း သစ်ပုလွေကုန်းရွာမှ တွင်းမပျူရွာသို့ လာသည့် အဆိုပါစစ်ကြောင်းသည် ယင်း၂ရွာကြားရှိ ကျဆုံး PDFရဲဘော် ၂ဦး၏ အထိမ်းအမှတ်ကျောက်တိုင်၊ ယာယီစစ်ရှောင်ဘုန်းကြီးကျောင်းနှင့်စစ်ရှောင်တဲများကို မီးရှို့ဖျက်ဆီးခဲ့သည်။