အိမ်ထောင်ရေးတွင် အမျိုးသမီးများက လိင်ဆက်ဆံရန် တာဝန်ရှိသည်ဟူသော သတ်မှတ်ချက်ကို ပယ်ဖျက်ရန် ပြင်သစ် လွှတ်တော်တွင် အတည်ပြု

အိမ်ထောင်ပြုထားလျှင် လိင်ဆက်ဆံရန် တာဝန်ရှိသည်ဟူသော “လင်မယားအကျိုးခံစားခွင့်” (Conjugal rights) ဟု ခေါ်သည့် အယူအဆကို အဆုံးသတ်ရန် ပြင်သစ်လွှတ်တော်တွင် ပြဌာန်းလိုက်သောကြောင့် နိုင်ငံ၏ ဥပဒေတွင် အတိအလင်း ထည့်သွင်းပြဌာန်းတော့မည် ဖြစ်သည်။

ဇန်နဝါရီလ ၂၈ ရက်က ပြင်သစ် အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သော ဥပဒေမူကြမ်းအရ နိုင်ငံ၏ အရပ်ဘက်ဥပဒေတွင် ပုဒ်မတစ်ခု ထပ်မံထည့်သွင်းခဲ့ရာတွင် “အတူနေထိုင်ခြင်း” ဟူသည်မှာ “လိင်ဆက်ဆံရန် တာဝန်ရှိသည်” ဟု ဆိုလိုခြင်းမဟုတ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားခြင်း ဖြစ်သည်။

ထို့အပြင် ယခုအဆိုပြုထားသော ဥပဒေအရ လိင်ဆက်ဆံမှု မရှိခြင်းကို အကြောင်းပြ၍ အိမ်ထောင်ဖက်တစ်ဦးဦးတွင် အပြစ်ရှိသည်ဟု စွပ်စွဲကာ ကွာရှင်းခွင့်တောင်းခြင်းကိုလည်း မဖြစ်နိုင်အောင် တားမြစ်ထားသည်။

ယခုဥပဒေသည် တရားရုံးများအပေါ် ချက်ချင်းကြီး သက်ရောက်မှု အများကြီးမရှိနိုင်သော်လည်း အိမ်ထောင်ရေးအတွင်း မုဒိမ်းကျင့်မှုများကို ဟန့်တားနိုင်ရန် အထောက်အကူဖြစ်လိမ့်မည်ဟု ထောက်ခံသူများက မျှော်လင့်နေကြသည်။

“ဒီလို အခွင့်အရေးမျိုး ဒါမှမဟုတ် တာဝန်မျိုးကို ဆက်ရှိနေခွင့် ပေးထားခြင်းဟာ လင်ယောက်ျားက ဇနီးအပေါ် နိုင်ထက်စီးနင်းလုပ်တာကို အားလုံးက သဘောတူပေးနေသလို ဖြစ်နေပါတယ်” ဟု ဥပဒေမူကြမ်းကို တင်သွင်းသူ Green ပါတီမှ မာရီချာလော့ဂါရင်က ပြောကြားခဲ့သည်။

“အိမ်ထောင်ရေးဆိုတာ လိင်ဆက်ဆံဖို့ သဘောတူညီချက်ကို တစ်သက်လုံးအတွက် အတည်ဖြစ်သွားပြီလို့ ယူဆရမယ့် အကာအကွယ်တစ်ခု မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

ယခင်က ပြင်သစ်ဥပဒေတွင် “အိမ်ထောင်ရေးတာဝန်” ဟူသော စကားလုံးကို အတိအလင်း ဖော်ပြထားခြင်း မရှိသော်လည်း ရှုပ်ထွေးမှုများ ရှိနေခဲ့ရာ ယခုဥပဒေက ယင်းကို ပယ်ဖျက်ပေးမည် ဖြစ်သည်။

လက်ရှိ ပြင်သစ်ဥပဒေတွင် အိမ်ထောင်ရေးတာဝန်များကို “အပြန်အလှန် လေးစားမှု၊ သစ္စာရှိမှု၊ အားပေးကူညီမှု” ဟုသာ သတ်မှတ်ထားပြီး ဇနီးမောင်နှံများသည် “အတူတကွ နေထိုင်ကြရန်” ကတိပြုကြရသည်ဟုသာ ပါရှိသည်။

“လိင်ပိုင်းဆိုင်ရာ အခွင့်အရေး” ဟူသော စကားလုံးမှာ မည်သည့်နေရာတွင်မျှ မရှိဘဲ ယင်းအယူအဆမှာ အလယ်ခေတ် ခရစ်ယာန် ဘုရားကျောင်းဥပဒေများမှ ဆင်းသက်လာခြင်း ဖြစ်သည်။

သို့သော် ခေတ်သစ် ကွာရှင်းမှုအမှုများတွင် တရားသူကြီးအချို့က “အတူနေထိုင်ခြင်း” ဟူသော စကားလုံးကို လိင်ဆက်ဆံခြင်း ပါဝင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြဖူးသည်။

၂၀၁၉ ခုနှစ်က နာမည်ကြီးအမှုတစ်ခုတွင် အမျိုးသမီးတစ်ဦးသည် သူမ၏ ခင်ပွန်းနှင့် လိင်ဆက်ဆံရန် နှစ်ပေါင်းများစွာ ငြင်းဆန်ခဲ့သဖြင့် တရားရုံးက အမျိုးသမီးတွင် အပြစ်ရှိသည်ဟု သတ်မှတ်ကာ ကွာရှင်းခွင့် ပေးခဲ့သည်။
သို့သော် အဆိုပါအမျိုးသမီးက ဥရောပလူ့အခွင့်အရေးတရားရုံး (ECHR) သို့ ဆက်တက်ခဲ့ရာ လွန်ခဲ့သည့်နှစ်တွင် အဆိုပါတရားရုံးက ပြင်သစ်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို ပြစ်တင်ရှုတ်ချခဲ့သည်။

ယင်းကို အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက အရေးကြီးသော တိုးတက်မှုတစ်ခုအဖြစ် ကြိုဆိုခဲ့ကြသည်။

ECHR ၏ ဆုံးဖြတ်ချက်ကြောင့် လက်တွေ့တွင် ပြင်သစ်တရားသူကြီးများအနေဖြင့် ယင်းကဲ့သို့ ထပ်မံဆုံးဖြတ်ရန် မဖြစ်နိုင်တော့သော်လည်း ယခုဥပဒေသစ်မှာ ပိုမိုရှင်းလင်းသွားစေရန်အတွက် ဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော Mazan အမှုသည်လည်း အဆိုပါ ကိစ္စအတွက် ထင်ရှားသော နမူနာတစ်ခု ဖြစ်သည်။

ယင်းအမှုတွင် Gisèle Pelicot အမည်ရှိ အမျိုးသမီးကို သူမ၏ ခင်ပွန်းက ဆေးခတ်ကာ သတိမေ့နေစဉ်အတွင်း အခြားအမျိုးသားများကို ဖိတ်ခေါ်၍ အကြိမ်ကြိမ် မုဒိမ်းကျင့်ခိုင်းခဲ့ခြင်း ဖြစ်သည်။ ထိုအမျိုးသားအချို့က ခင်ပွန်းဖြစ်သူက ခွင့်ပြုထားသဖြင့် ဇနီးဖြစ်သူကလည်း သဘောတူသည်ဟု ၎င်းတို့က ထင်မှတ်ခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။

ပြင်သစ်နိုင်ငံတွင် ၁၉၉၀ ခုနှစ်မတိုင်ခင်အထိ အိမ်ထောင်ပြုခြင်းသည် လိင်ဆက်ဆံရန် သဘောတူပြီးသားဖြစ်သည်ဟု ယောက်ျားများက ငြင်းချက်ထုတ်နိုင်ခဲ့သော်လည်း ယခုအခါ အိမ်ထောင်ရေးအတွင်း မုဒိမ်းကျင့်မှုကို ဥပဒေအရ ပြစ်မှုအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။

ယခုဥပဒေ ပြင်ဆင်မှုကို ပြင်သစ်နိုင်ငံ၏ လူမှုရေးနှင့် အမျိုးသမီးအခွင့်အရေးအတွက် အရေးပါသော ခြေလှမ်းတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။