စစ်ကိုင်းတိုင်း ၊ ရေဦးမြို့ရှိ စစ်သားများ တပ်စွဲထားသည့် တိုင်းရင်းဆေးရုံနှင့် မြို့အဝင်ဂိတ်ကို PDF လက်နက်ကြီး ကျရောက်ပြီးနောက် လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။
စက်တင်ဘာ ၉ ရက်၊ ည ၈ နာရီခွဲဝန်းကျင်တွင် ရေဦးမြို့၊ တိုင်း ရင်းဆေးရုံကို လက်နက်ကြီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆေးရုံဝင်းအတွင်းရှိ လက်နက်တိုက်နှင့် ပေ ၃၀ ခန့်အကွာ၌ ရပ်ထားသည့် သံပြားကာကားပေါ်သို့ ကျရောက်ပေါက်ကွဲကာ ကား ပျက်စီးခဲ့ကြောင်း ည ၈ နာရီ မိနစ် ၄၀ ခန့်တွင် ရေဦးမြို့ ကြာဖူးအဝိုင်း မြို့အဝင်ဂိတ်ကို လက်နက်ကြီး ၂ လုံးထပ်မံ ပစ်ခတ်ခဲ့ရာ စစ်သား တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့ (စက်တင်ဘာ ၁၀ရက်) နံနက်မှ စတင်၍ ရေဦးမြို့အဝင်များတွင် လုံခြုံရေး တင်းကျပ်လျက်ရှိကြောင်း Wolf Guerrilla LDF Ye.U Air Force ထံက သိရသည်။
“မနက်ကျ အင်အား၂၅ကောင်နဲ့ မြို့အ၀င်တွေမှာ ပတ်ကင်းသဘောအနေနဲ့ လှည့်လည်တယ်ဗျ”ဟု Wolf Guerrilla LDF Ye.U Air Force မှ ရဲဘော်ကိုညိုက MPA သို့ပြောသည်။
သံပြားကာကား ပျက်စီးသွားခြင်းနှင့် စစ်သားတစ်ဦး ဒဏ်ရာရမှုကို မြို့တွင်းသတင်းအရင်းမြစ်တို့ထံ မှ သိရကြောင်း ၎င်းကဆိုသည်။
“ည ပစ်တာဆိုတော့ အတိအကျမသိနိုင်ဘူးဗျ။မြို့အ၀င်ဂိတ် ပစ်တာကတော့ တစ်ကောင်ဒဏ်ရာရတယ်ဗျ။တိုင်းရင်းဆေးရုံ၀င်းအတွင်းက စခများကတော့ ပြေးတဲ့ကောင်ကပြေး ပုန်းတဲ့ကောင်ကပုန်းနဲ့ ဆူညံသွားတယ်ဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းသို့ပစ်ခတ်ပြီးနောက် တိုင်းရင်းဆေးရုံမှ ၈၁ မမ လက်နက်ကြီး ၃ လုံးဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှု မရှိကြောင်း သိရသည်။
ထို့အပြင် ရေဦး တိုင်းရင်းဆေးရုံရှိ စစ်သားများသည် ယနေ့ (စက်တင်ဘာ ၁၀ ရက်) ညနေပိုင်း၌ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသန်း ပစ်ခတ်နေသဖြင့် ပြည်သူများ ထိတ်လန့်နေကြကြောင်း သိရသည်။
