မြန်မာပြည်သူများ တိုက်ရိုက်အကျိုးခံစားခွင့်ရရှိအောင် ထောက်ပံ့ကူညီမှုများ ဆက်လက်ပေးအပ် သွားမည်ဟု ဂျပန်အစိုးရက ထုတ်ပြန်သည်။
အခက်အခဲများကြုံတွေ့ ရင်ဆိုင်နေရသော မြန်မာပြည်သူများကို ထောက်ပံ့ကူညီသွားမည်ဆိုသည့် ခိုင်မာသည့် မူဝါဒအောက်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများနှင့် ပြည်သူများ၏ စားဝတ်နေရေး ကောင်းမွန်လာရေးအတွက် ပံ့ပိုးသွားမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
“ပြည်သူတွေကို တိုက်ရိုက်အကူအညီပေးမယ်ဆိုတာကို ကြိုဆိုပါတယ်။ဂျပန်နဲ့ နိုင်ငံတကာအသိုင်း အဝိုင်းအနေနဲ့ မြန်မာစစ်ဘေးသင့်ပြည်သူတွေဆီကို အကူအညီတွေ တိုက်ရိုက်ရောက်နိုင်မယ့်နည်း လမ်းတွေ စဉ်းစားလုပ်ဆောင်သင့်ပါပြီ။စစ်ဘေးသင့်ပြည်သူတွေ အရမ်းပင်ပန်းဆင်းရဲနေကြပြီ”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
ဂျပန်နိုင်ငံအနေဖြင့် အနာဂတ်တွင်လည်း မြန်မာ့နိုင်ငံရေး တိုးတက်မှုရရှိရန်အတွက် လုပ်ဆောင်သွားမှာဖြစ်ပြီး ၊ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိအောင် အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်သလို လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် ဖမ်းဆီးခံထားရသူများအား ပြန်လည်လွှတ်ပေးရေးအတွက် ဆက်လက် တောင်းဆိုသွားမည်ဟုလည်း ထုတ်ပြန်သည်။
ဂျပန်နိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံ ထားရသူများကို လွှတ်ပေးရန်နှင့် သက်ဆိုင်သူများအကြား စစ်မှန်သည့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့သော်လည်း လုပ်ဆောင်ခြင်းမရှိဘဲ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ခြင်းအပေါ် စိတ်မသက်မသာဖြစ်ရကြောင်းလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးကဆိုသည်။
