မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ တောင်ပေါ်ကျေးရွာနှစ်ရွာတွင် ရေမသန့်ရှင်းမှုကြောင့် ဒေသခံများ အရေပြားရောဂါဖြစ်ပွားနေကြောင်း သိရသည်။
ယခင်နှစ်က စလင်းမြို့နယ်တွင် မိုးခေါင်ရာမှ ရေရှားပါးမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ယင်းမြို့နယ်ရှိ တောင်ပေါ်ကျေးရွာနှစ်ရွာသည် နွားမတောင်မှ ကျလာသည့် စိမ့်စမ်းရေများကို အသုံးပြုနေရကာ ရေမသန့်ရှင်းမှုများကြောင့် အရေပြားရောဂါ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာ ၂ရွာပေါင်း လူဦးရေ ၁၀၀၀ ခန့်ရှိသည့်အနက် လူဦးရေ ၂၀၀ ကျော်မှာ အရေပြားရောဂါစွဲကပ်နေကြောင်း သိရသည်။
” လုံခြုံရေးအရ ရွာအမည်တော့ ပြောမရဘူးဗျ။ ရေရှားတာက နှစ်တိုင်းဖြစ်တာပါ။ ဒီနှစ်က မိုးခေါင်တော့ ပိုဆိုးတယ်။ စမ်းရေကလည်း သိပ်မထွက်တော့ ရေရှားပါးလာတာ။ အခုက ရေကြောင့် ဖြစ်တာ။ ရောဂါကုသနိုင်ရင်တောင် ရေရှားပါးတာရယ် ရေက မသန့်တာရယ်ကြောင့် ရောဂါအမြစ်ပြတ်ဖို့မလွယ်ကူဘူး။ ရေတွင်းတူးမယ်ဆိုရင်တော့ ရနိုင်တယ်။ ဒါပေမဲ့ပေ ၄၀၀၊ ၅၀၀လောက်ထိ စက်ကြီးတွေနဲ့ တူးရလိမ့်မယ်။မြေက ကျောက်သားဗျ။ ရေကြောအောင်မအောင် နားလည်တတ်ကျွမ်းသူမှ သိနိုင်မယ်” ဟု ပြည်သူ့ညီနောင် – စလင်းမှ သတင်းတာဝန်ခံ ကိုပြည်သူက MPA ကို ပြောသည်။
ရေရှားပါးမှုကြောင့် သောက်သုံးရေ လုံလောက်မှုမရှိသည့်အပြင် စိမ့်စမ်းရေကို ကျိုချက်ကာ သောက်သုံးကြသော်လည်း ချိုးရေအတွက်မူ စမ်းရေကိုသာ အသုံးပြုနေရကာ၊ ရေအရောင်မှာ အနီရောင်သန်းနေပြီး သန့်ရှင်းမှုမရှိကြောင်း ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ဖြစ်တာကတော့ အများကြီးပဲ။ မျက်နှာမှာရော၊ လက်တွေ၊ ခြေထောက်တွေ၊ ရင်ဘတ်တွေမှာရော တစ်ကိုယ်လုံးပဲဆိုပါတော့။ ပွေးကွက်တွေလို အနီဖုတွေ အပျောက်ပျောက်တွေနဲ့ ဖြစ်တဲ့နေရာက ယားတော့ ခဏခဏ ကုတ်နေရတာ။ နေ့အိပ်မရ ညအိပ်မရ ဖြစ်နေတော့တာပဲ။ အစကတော့ လေးငါးယောက်လောက်ပဲ ဖြစ်တာကနေ နောက်ပိုင်း တစ်ရွာလုံးနီးပါး ဖြစ်ကုန်ကြတာ” ဟု ၎င်းက ဆိုသည်။
စလင်းမြို့မှ ဆေးဝါးကူညီပေးသည့် အဖွဲ့အစည်းတစ်ခုက အဆိုပါကျေးရွာများသို့ လာရောက်၍ ဆေးဝါးထောက်ပံ့မှုများ ပြုလုပ်ခဲ့သော်လည်း ရောဂါသက်သာရုံသာရှိကြောင်း ယင်းအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
” ကျမတို့အနေနဲ့ ရေနဲ့ပတ်သက်တာတွေ၊ တစ်ကိုယ်ရေသန့်ရှင်းမှုတွေ၊ ကျန်းမာရေး အသိပညာပေးတာတွေ လုပ်ခဲ့ပါသေးတယ်။ အဲဒီရွာမှာ ကျေးလက်ဆေးခန်းတော့ ရှိတယ်။ ဒါပေမဲ့ ရောဂါကုသဖို့ ကျေးလက်ဆရာဝန်နဲ့ အဆင်မပြေဘူး။ ဆေးဝါးတွေ ထောက်ပံ့ခဲ့ပေမဲ့ သက်သာရုံလောက်ပဲ ရှိတယ်။ ဖြစ်နေတာတွေက တစ်ရွာလုံးနီးပါးဆိုတော့ ကျွန်မတို့လည်း အများကြီး မထောက်ပံ့နိုင်ဘူးလေ။ ဒီရောဂါကို ကုသဖို့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ကြီးတွေကို အကူအညီတောင်းထားပါတယ်” ဟု ၎င်းက ပြောသည်။
ဆေးဝါးဝယ်ယူရန် ငွေကြေးလိုအပ်ချက်ရှိနေပြီး အလှူရှင်များရှိပါက ပိုမိုအဆင်ပြေနိုင်ကြောင်း၊ ရောဂါအခြေအနေမှာ တစ်စတစ်စ ပိုမိုဆိုးရွားလာသဖြင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းများနှင့် ကုသရန် အဆင်မပြေတော့ဘဲ အထူးကုဆရာဝန်ကြီးများထံ အကူအညီတောင်းခံထားရကာ အဆိုပါ ဆရာဝန်ကြီးများက လိုက်လံကုသပေးရန် သဘောတူထားသဖြင့် ဆေးဝါးများ ရရှိပါက အခြေအနေ ပိုမိုကောင်းမွန်လာမည်ဟု တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။
အဆိုပါ ကျေးရွာနှစ်ရွာသည် စလင်းမြို့နှင့် အလှမ်းဝေးကွာသည့်အပြင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ လမ်းတစ်လျှောက် စစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုးမှုများ ရှိနေခြင်းတို့ကြောင့် သွားလာရန် ခက်ခဲနေကြောင်းလည်း သိရသည်။
