မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့်တပ်နှင့် PDF တို့ ၁၂ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၃၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၇ ရက်စ၍ မင်းတုန်းမြို့နယ်သို့ ထိုးလာသော အင်အား ၁၅၀ခန့်ရှိ စစ်ကြောင်းနှင့် ဇန်နဝါရီ ၂၉ရက်အထိ ၁၂ရက်အတွင်း တိုက်ပွဲ ၁၀ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
” ဒီစစ်ကြောင်းက ၁၂လပိုင်းဝန်းကျင်ကတည်းက ကျနော်တို့စစ်ရေးလှုပ်ရှားရာ သရက်၊ ကံမ၊ မင်းတုန်းနယ်ထဲမှာ စစ်ကြောင်းထိုးနေတာပါ။ အဓိကက ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ရွာတွေကို စစ်ကြောင်းထိုး၊ စစ်ရာဇဝတ်မှုတွေကျူးလွန်တယ်၊ မူးယစ်ရမ်းကားတယ်။ နောက်ပြီး မူးယစ်ဆေး ဝါးတွေ သုံးစွဲထားတဲ့စစ်ကြောင်းလည်းဖြစ်ပါတယ်။ ဝင်လာကတည်းက ကျေးရွာတွေထဲမှာ ပြည်သူ တွေကို ဖမ်းဆီးတယ်။ အိမ်တွေကို မီးရှို့တယ်။ ဖျက်ဆီးတာတွေလုပ်တယ်။ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ၁၀ကြိမ်ထဲမှာ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာ ၃ကြိမ်လောက်ရှိတယ်။ လေကြောင်းပစ်ကူလာတာ တော့မရှိဘူး။ ဒါပေမဲ့၊ သူတို့ဆီမှာ လက်နက်ကြီးပြောင်းတို၊ ပြောင်းရှည်အကုန်ပါတယ်။ သေဆုံးမှု တွေကို တိုက်ပွဲအတွင်းမှာ မျက်မြင်အတည်ပြုနိုင်ပါတယ်” ဟု သရက်ခရိုင်အမှတ် ၄ တပ်ရင်း၊ သတင်းပြန်ကြားတာဝန်ခံက MPA ကို ပြောသည်။
ဇန်နဝါရီ ၂၈ရက် နံနက်ပိုင်းကလည်း မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာသို့ ရောက်ရှိနေသော ယင်းစစ်ကြောင်းသည် လုယက်ထားသော ပြည်သူပိုင်ပစ္စည်းများကို ဖောကား ၂စီးဖြင့် တင်ဆောင်၍ မင်းတုန်းမြို့ဘက်သို့ ထွက်ခွာလာရာ ၊ တမာကျေးရွာအနီး၌ PDF တို့က တိုက်ခိုက်ခဲ့ခြင်းကြောင့် ရှေ့မဆက်နိုင်ဘဲ ယင်းရွာအနီးရပ်တန့်သွားခဲ့ကြောင်း သရက်ခရိုင်အမှတ် ၄ တပ်ရင်းက သတင်းထုတ်ပြန်သည်။
“ဒီနေ့(ဇန်နဝါရီ၃၀ရက်)မှာတော့ စစ်ကြောင်းက မင်းတုန်းမြို့အနီးက ကျွဲပင်ကျေးရွာကို ရောက်ရှိနေ ပြီလို့သိရပါတယ်။ ပြည်သူတွေကတော့ တိုက်ပွဲဖြစ်စဉ်မှာ ရှောင်ရှားခဲ့ရတာတွေရှိတယ်။ စစ်ကြောင်း နဲ့ တွေ့ပြီး အသတ်ခံရတဲ့ပြည်သူတွေကို စစ်ကြောင်းက ဖြစ်သလိုမြှုပ်သွားတာတွေကို ဒေသခံတွေနဲ့ မိသားစုတွေက သေချာပြန်မြှုပ်နှံ၊ အလောင်းမြေချတာတွေလုပ်ပြီးပါပြီ” ဟု ၎င်းကပြောသည်။
စစ်ကြောင်းဝင်ရောက်သည့် ၁၂ရက်အတွင်း ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ရိုက်နှက် နှိပ်စက်ခဲ့သောကြောင့် သီးပင်ကုန်းရွာနေ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ဝက်ကော်ကျေးရွာမှ နေအိမ် ၂၈လုံး ၊ ထန်းလေးပင်ကျေးရွာမှ နေအိမ် ၅၀ကျော် နှင့် ကင်းမွန်တောင့်ရွာ တစ်ရွာလုံးနီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်း PDF ရဲဘော်တစ်ဦး၏ ဘယ်ဘက်လက် ဗုံးစထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်။
ဇန်နဝါရီ ၁၈ရက်က သရက်ခရိုင်အမှတ် ၄ တပ်ရင်း၏ နောက်တန်းစခန်းကို စစ်တပ်က ဂျက်ဖိုက် တာ ဖြင့် လေကြောင်းတိုက်ခိုက်မှု ၁၀ကြိမ် ပြုလုပ်ခဲ့ရာ စခန်းအတွင်းရှိ အဆောင်အချို့ပျက်စီးခဲ့ ကြောင်း သိရသည်။
