ပြည်တွင်းရွှေဈေး ကျပ်သိန်း ၁၂၀ နီးပါးဖြစ်လာ၍ ရွှေဆိုင်အများအပြား အရောင်းရပ်နားထား

ပြင်ပရွှေဈေးကွက်တွင် အခေါက်ရွှေအရောင်းအဝယ်အပြင် ၁၅ ပဲရည် အထည်အရောင်းအဝယ်ကိုပါ ရပ်နားထားရပြီဖြစ်ကြောင်း ရွှေဆိုင်အချို့ထံမှ စုံစမ်းသိရှိရသည်။

ဇန်နဝါရီလ တတိယပတ်မှစတင်ကာ ကမ္ဘာ့ရွှေဈေး ဆက်တိုက်မြင့်တက်ခဲ့ပြီးနောက် ပြည်တွင်း၌လည်း ရွှေဈေး လိုက်ပါခုန်တက်ခဲ့ရာ တစ်ကျပ်သားလျှင် ကျပ်သိန်း ၁၂၀ နီးပါးအထိ ရောက်ရှိလာချိန်တွင် ရွှေဆိုင်အတော်များများ အရောင်းရပ်ထားရခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။

“ပြောရရင် လက်ထဲရွှေမရှိရင် နောက်ရက်ဆက်လုပ်လို့မရတော့တဲ့ အခြေအနေလေ။ အခုက ဆိုင်ဘက်ကလည်း ဒီနေ့ရွှေကုန်ရင် သူပြန်ဝယ်တဲ့အခါမှာ ဒီဈေးနဲ့လည်း ရချင်မှရတော့မှာ။ အဲဒီတော့ ထိန်းရောင်းထိန်းဝယ်ပေါ့။ ဆိုင်ကြီးတွေတောင် အဲလိုဆို ဆိုင်ငယ်လေးတွေကတော့ အရောင်းရပ်ထားရတဲ့ အခြေအနေပေါ့။ ကျမယ့်အချိန်ကလည်း မှန်းဆရခက်နေတယ်။ အမေရိကန်နဲ့ အီရန် ပြဿနာက ဘာမှန်းမသိ၊ သူတို့အလှုပ်နဲ့ပဲ ဒီကဈေးတွေကလည်း လိုက်ပြီးခုန်တာပေါ့။ ဝယ်သူရော ရောင်းသူပါ စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတာ” ဟု ရွှေဘုံသာလမ်းရှိ ရွှေကုန်သည်တစ်ဦးက ပြောသည်။

ဇန်နဝါရီ ၁၆ ရက်က ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄,၆၀၀ ဝန်းကျင်သာရှိခဲ့ပြီး နှစ်ပတ်အတွင်း တစ်အောင်စလျှင် ဒေါ်လာ ၁,၀၀၀ နီးပါးအထိ မြင့်တက်ခဲ့သည်။

ယနေ့ ဇန်နဝါရီ ၃၀ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် တစ်ရက်အတွင်း အတက်အကျ မြန်ဆန်နေပြီး အမြင့်ဆုံးဈေးဖြစ်သည့် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၅,၆၀၀ ဝန်းကျင်မှ ၅,၂၀၀ ဝန်းကျင်အထိ ထိုးဆင်းခဲ့သည်။ သို့သော် ပြည်တွင်းရွှေဈေးမှာ သိသိသာသာ လိုက်ပါကျဆင်းလာခြင်းမရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“အခုက ဒေါ်လာက ငြိမ်နေတယ်၊ ကမ္ဘာ့ရွှေတစ်ခုတည်းပဲ ထိုးတက်တာ။ ဒီအခြေအနေက ရုတ်တရက်လည်း ပြိုဆင်းနိုင်တယ်၊ ရုတ်တရက်လည်း ထပ်ပြီးထိုးတက်သွားနိုင်တယ်။ တစ်ရက်တည်းတင် ကမ္ဘာ့ရွှေ အတက်အကျကြီးက ပုံမှန်မဟုတ်ဘူး။ ဒီမှာကတော့ ဘယ်သူမှ ထိန်းနိုင်မှာမဟုတ်ဘူး” ဟု ရွှေဈေးကွက်စောင့်ကြည့်နေသူတစ်ဦးက မှတ်ချက်ပေးသည်။

ရွှေဈေးအဆမတန် မြင့်တက်လာသဖြင့် ဈေးကွက်အတွင်း ပြန်လည်ရောင်းချသူ အများအပြားရှိနေပြီး ရွှေဆိုင်များအနေဖြင့်လည်း ပေါက်ဈေးထက် ကျပ် ၁၀ သိန်းခန့် ခွာ၍ ပြန်လည်ဝယ်ယူနေကြကြောင်း ဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။

“အမှန်ဆို ပေါက်ဈေးထက် ၂ သိန်းလောက်ခွာရင် တော်ပြီပေါ့။ ဆိုင်နာမည်တော့ ထည့်မပြောတော့ပါဘူး။ အခုမနက် သွားရောင်းတာ ၁၀၅ သိန်းလောက်ပဲ ရလာတယ်။ ဝယ်ရင်တော့ ၁၁၇ သိန်းနဲ့ ၁၁၈ သိန်း ပေးရတယ်။ ဒါတောင် လိုချင်သလိုမရဘူးနော်။ ပြန်ဝယ်ဖို့ပဲ ဆိုင်တွေက အားခဲထားတဲ့ပုံပဲ၊ ပြန်ရောင်းပေးဖို့ ရွှေမရှိတာလားတော့မသိဘူး” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။

လက်ရှိတွင် လုပ်ငန်းရှင်များသာမက ဝယ်ရောင်းသမားများကပါ ကမ္ဘာ့အရေးကြောင့် ရွှေဈေး မည်မျှအထိ ဆက်လက်မြင့်တက်နိုင်မလဲဆိုသည်ကို ဆက်လက်စောင့်ကြည့်နေရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်ကတည်းက ရွှေဈေးအဆမတန် မြင့်တက်လာသဖြင့် ဈေးကွက်ဝင်ထိန်းခဲ့သည့် စစ်ကော်မရှင်လက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ သတ်မှတ်ရည်ညွှန်းဈေးမှာ ယနေ့တွင် တစ်ကျပ်သားလျှင် ကျပ် ၆၁ သိန်း သတ်မှတ်ထားကြောင်း သိရသည်။

၂၀၂၄ ခုနှစ်က ရွှေဈေးကစားသူများကြောင့် ရွှေဈေးတက်ရသည်ဟုဆိုကာ လုပ်ငန်းရှင်များနှင့် ရွှေဆိုင်များကို ဖမ်းဆီးစစ်ဆေး အရေးယူခဲ့ဖူးပြီး၊ လက်ရှိအခြေအနေတွင်လည်း ထိုကဲ့သို့ ပြုလုပ်မည်ကို စိုးရိမ်နေကြသည့် လုပ်ငန်းရှင်များလည်း ရှိနေကြောင်း သိရသည်။