မန္တလေးတွင် လမ်းမှားဝင်မိပါက ပစ်သတ်မည်ဟု စစ်တပ်က ခြိမ်းခြောက်

ဓာတ်ပုံ - MOI ၊ Wikipedia
ပုံစာ - မန္တလေးမြို့ရှိ စျေးချိုနာရီစင်၊ မန္တလေးတောင်နှင့် မန္တလေးကျုံးမြို့ရိုးတို့အား တွေ့ရစဥ်

စစ်ကော်မရှင်တပ်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တည်ရှိရာ မန္တလေးမြို့တွင် အရပ်သားပြည်သူများအနေဖြင့် လမ်းမှားဝင်ရောက်မိပါက ပစ်သတ်မည်ဟု စစ်ကော်မရှင်တပ်က ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

မန္တလေးမြို့ရှိ အဓိကလမ်းမကြီးဖြစ်သည့် ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းတွင် စစ်ကော်မရှင်တပ်လက်အောက်ခံ မော်တော်ပီကယ်နှင့် ရဲများက လုံခြုံရေးတင်းကျပ်စွာ ချထားပြီး ကားများကိုသာ အဝင်အထွက် ခွင့်ပြုပေးထားခြင်းဖြစ်သည်။

“အဲဒီနားမှာရှိတဲ့ သံရုံးရှေ့မှာ ပေါက်ကွဲမှုဖြစ်ပြီးကတည်းကဗျ။ အဲဒီတုန်းက စစ်တပ်က လုံခြုံရေးတင်းကျပ်ထားတဲ့ ကြားထဲကနေ ဗုံးပစ်သွားတာ။ တရုတ်ကောင်စစ်ဝန်ရုံးမှာ အမြဲလုံခြုံရေးချတာ၊ အခုကတော့ ပိုပြီး အင်အားများတာပေါ့” ဟု မန္တလေးမြို့ခံတစ်ဦးက MPA သို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ ၁၀၂ (A) လမ်းထောင့်ရှိ တရုတ်ကောင်စစ်ဝန်ရုံးအတွင်း ဗုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် ယခုကဲ့သို့ စစ်ကော်မရှင်တပ်က လုံခြုံရေးတင်းကျပ်ထားခြင်း ဖြစ်သည်။

“ကျတော့်တုန်းကတော့ လွန်ခဲ့တဲ့ တစ်လလောက်က။ ရှေ့ကဆိုင်ကယ်က ဝင်သွားတာမြင်တော့ ကျွန်တော်လည်း နောက်ကလိုက်ဝင်တာမှာ ဖမ်းတားတာပဲ။ ပထမ မောင်းထွက်သွားမိသေးတယ်၊ ပြီးမှ ပြန်လှည့်ဖမ်းခံလိုက်တာ။ သူတို့က နောက်က ဆိုင်ကယ်နဲ့ လိုက်လာမလို့တောင် လုပ်နေပြီ။ ကိုယ့်ရှေ့ကျမှ သေနတ်ကျည်တွေဘာတွေထိုး၊ မောင်းတင်တာတွေတောင် လုပ်နေတာ” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အမျိုးသားတစ်ဦးက ဆိုသည်။

ထိုကဲ့သို့ ဆိုင်ကယ်ဖြတ်သန်းခွင့် ပိတ်ပင်ထားမှုကို မသိဘဲ ဝင်ရောက်လာသည့် ဆိုင်ကယ်နှင့် အိုးဝေမောင်းနှင်သူများကို စစ်တပ်၊ ရဲနှင့် မော်တော်ပီကယ်များက ကြမ်းတမ်းစွာ ငေါက်ငမ်းခြင်း၊ ငွေညှစ်ခြင်းအပြင် အသက်အန္တရာယ် ခြိမ်းခြောက်မှုများအထိပါ လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။

“ငွေတောင်းကြမ်းတာကတော့ တစ်သောင်းကနေ သိန်းဂဏန်းအထိ တောင်းနေတာ။ မိန်းကလေးဆိုရင်လည်း နောက်ပြောင်ကျီစယ်တာတွေ လုပ်ကြသေးတာ။ သူတို့စားချင်တာတွေလည်း ဝယ်ခိုင်းတယ်။ အဆိုးဆုံးကတော့ ပြည်သူကို ဖေးမမှုမလုပ်ဘဲ ပစ်သတ်လိုက်လို့ရတယ်လို့ ပြောတာပဲ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိတွင် မန္တလေးမြို့ပေါ်၌ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက နေ့စဉ်နှင့်အမျှ လမ်းသွားလမ်းလာ အရပ်သားပြည်သူများကို ဖမ်းဆီးငွေညှစ်မှုများလည်း လုပ်ဆောင်လျက်ရှိနေသည်။