တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ တောင်ပိုင်းစစ်ဌာနချုပ်က ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ဟွမ်ယန်ကျွန်းနှင့် ပတ်ဝန်းကျင်ဒေသများရှိ နယ်နိမိတ်ချင်းထိစပ်နေသော ရေပြင်နှင့် ဝေဟင်ပိုင်နက်အတွင်း တိုက်ပွဲဝင်အသင့်အနေအထားဖြင့် ကင်းလှည့်မှုများ ပြုလုပ်ခဲ့ကြောင်း တောင်ပိုင်းစစ်ဌာနချုပ်၏ တရားဝင် WeChat အကောင့်တွင် ထုတ်ပြန်ထားသည်။
အဆိုပါ ကင်းလှည့်လေ့ကျင့်မှုတွင် YJ-12 သင်္ဘောဖျက်ဒုံးကျည်များ တပ်ဆင်ထားသော H-6K ဗုံးကြဲလေယာဉ်တစ်စင်းလည်း ပါဝင်လာသလို Type 055 အဆင့်ရှိ ဖျက်သင်္ဘောကြီး Xianyang နှင့်အတူ အခြားသော စစ်လေယာဉ်များနှင့် စစ်သင်္ဘောများကိုလည်း PLA တောင်ပိုင်းစစ်ဌာနချုပ်မှ ထုတ်ပြန်သည့် ဗီဒီယိုဖိုင်တွင် တွေ့မြင်ရသည်။
ဟွမ်ယန်ကျွန်းသည် တရုတ်နိုင်ငံ၏ နဂိုမူလပိုင်နက်နယ်မြေဖြစ်ကြောင်း၊ ဇန်နဝါရီလမှစ၍ စစ်ဌာနချုပ်အနေဖြင့် အဆိုပါကျွန်းပတ်ဝန်းကျင် ရေပြင်နှင့် ဝေဟင်ကင်းလှည့်မှုများကို စဉ်ဆက်မပြတ် အားဖြည့်ဆောင်ရွက်ခဲ့ကြောင်း၊ ဒေသတွင်းရှိ နိုင်ငံအချို့၏ ရန်စကျူးကျော်မှုများကို ပြတ်သားစွာ တုံ့ပြန်လျက်ရှိပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ခိုင်မာစွာ ကာကွယ်ကာ တောင်တရုတ်ပင်လယ်၏ ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းလျက်ရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
PLA တောင်ပိုင်းစစ်ဌာနချုပ်မှ H-6K ဗုံးကြဲလေယာဉ်များနှင့် တိုက်လေယာဉ်များသည် တရုတ်နိုင်ငံ ဟွမ်ယန်ကျွန်း ဝေဟင်ပိုင်နက်အတွင်းသို့ အုပ်စုလိုက် ပျံသန်းဝင်ရောက်ပြီးနောက် အရှေ့တောင်ဘက်ကဏ္ဍသို့ ဦးတည်၍ ကင်းလှည့်မှုများ ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင်ရုပ်သံ (CCTV) နှင့် ဆက်နွှယ်နေသော Yuyuantantian လူမှုကွန်ရက်အကောင့်က သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ထုတ်ပြန်သည့် မြေပုံကြမ်းအရ သိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် မကြာသေးမီက ဟွမ်ယန်ကျွန်း အပါအဝင် ၎င်းတို့ထိန်းချုပ်ရာဒေသအတွင်း၌ စစ်ရေးလေ့ကျင့်မှုဇုန်တစ်ခုကို သတ်မှတ်ခဲ့ကြောင်း၊ ယင်းသည် တရုတ်နိုင်ငံ၏ ရေပိုင်နက်နှင့် ဝေဟင်ပိုင်နက်ကို လွှမ်းခြုံနေပြီး တရုတ်နိုင်ငံ၏ နယ်မြေအချုပ်အခြာအာဏာနှင့် ရေကြောင်းအခွင့်အရေးများကို ပြင်းထန်စွာ ထိပါးကျူးကျော်သည့် လုံးဝတရားမဝင်သော လုပ်ရပ်ဖြစ်ကြောင်း လူထုသတင်းအချက်အလက်များက ဖော်ပြသည်။ PLA တောင်ပိုင်းစစ်ဌာနချုပ်အနေဖြင့် ဖိလစ်ပိုင်က သတ်မှတ်ထားသော ဧရိယာအတွင်းသို့ စစ်လေယာဉ်များ စေလွှတ်ဖြတ်သန်းခြင်းဖြင့် ဟွမ်ယန်ကျွန်း ရေပြင်နှင့် ဝေဟင်ပိုင်နက်အပေါ် တရုတ်နိုင်ငံ၏ ထိရောက်သော စီရင်ပိုင်ခွင့်ကို ပြသခဲ့ပြီး ဖိလစ်ပိုင်က ရေးဆွဲထားသော စစ်ရေးလေ့ကျင့်မှုဇုန်မှာ အကျုံးမဝင် ပျက်ပြယ်ကြောင်း သက်သေပြခဲ့သည်ဟု Yuyuantantian က ဆိုသည်။
ဇန်နဝါရီ ၂၁ ရက်မှ မတ် ၃၁ ရက်အထိ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ဟွမ်ယန်ကျွန်း အပါအဝင် အကြီးစား စစ်ရေးလေ့ကျင့်မှုဇုန် သတ်မှတ်ကြောင်း ဖိလစ်ပိုင်က ရေကြောင်းသတိပေးချက် ထုတ်ပြန်ခဲ့သည့်အပေါ် တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျိယန်ဘင်း က ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ဒီလုပ်ရပ်အပေါ် ပြင်းထန်စွာ မကျေနပ်သလို ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်။ ဖိလစ်ပိုင်ဘက်ကိုလည်း တရားဝင် ကန့်ကွက်လွှာ တင်သွင်းထားပါတယ်။ တရုတ်နိုင်ငံအနေနဲ့ နယ်မြေအချုပ်အခြာအာဏာနဲ့ ရေကြောင်းအခွင့်အရေးတွေကို ဥပဒေနဲ့အညီ ခိုင်မာစွာ ကာကွယ်သွားမှာဖြစ်သလို တောင်တရုတ်ပင်လယ်ရဲ့ ငြိမ်းချမ်းတည်ငြိမ်ရေးကိုလည်း ထိန်းသိမ်းသွားမှာဖြစ်ပါတယ်” ဟု ကျိယန်ဘင်းက ဆိုသည်။
