စစ်အာဏာရှင်ကို တွန်းလှန်နေကြသည့် တော်လှန်ရေးတပ်ဖွဲ့များ၌ သတ်မှတ်ထားသည့် ခွင့်ရက်များကို ကျော်လွန်ကာ တပ်ပြေးသည့် PDF တပ်ဖွဲ့ဝင်များ ပိုမိုများပြားလာကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူများထံမှ သိရှိရသည်။
အာဏာသိမ်းကာလ ငါးနှစ်ပြည့်လာသည်နှင့်အမျှ အချို့သော တော်လှန်ရေးအဖွဲ့ဝင်များအနေဖြင့် ခေါင်းဆောင်ပိုင်းတချို့၏ တော်လှန်ရေးအပေါ် အမြတ်ထုတ်မှု၊ မိသားစု၏ စားဝတ်နေရေးနှင့် ငွေကြေးအခက်အခဲများကြောင့် တပ်ပြေး၊ ခွင့်မဲ့နှင့် ခွင့်လွန်ကြသူများ ပိုမိုများပြားလာခြင်း ဖြစ်ကြောင်း သိရသည်။
“သူတို့ တပ်ရင်းထဲဝင်ခဲ့တာလည်း အတင်းခေါ်ထားတာမှ မဟုတ်တာ။ သူတို့သဘောနဲ့သူတို့ ဝင်ခဲ့ကြပြီး ထွက်ချင်တဲ့အခါကျတော့လည်း ခွင့်တောင်းပြီးမှ ထွက်ကြပေါ့ဗျာ။ ဖြစ်နိုင်ရင်တော့ မိခင်တပ်ရင်းကို ပြန်ပြီး တာဝန်ထမ်းဆောင်စေချင်တာပေါ့။ တချို့ကျလည်း ကောက်ရိုးမီးတောက်ပေါ့၊ စိတ်မခိုင်ဘဲ တော်လှန်ရေးထဲရောက်ပြီး မပျော်တော့လို့ ထွက်ချင်ကြတာတွေလည်း တွေ့နေရတာပဲ” ဟု ပုလဲမြို့နယ်မှ ထောက်ပို့လုပ်ငန်း လုပ်ဆောင်နေသည့် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
စစ်အာဏာရှင်စနစ်ကို လူတန်းစားအလွှာပေါင်းစုံမှ အမျိုးသား၊ အမျိုးသမီးများက တွန်းလှန်နေကြသော်လည်း အချို့သော တပ်ရင်း၊ တပ်ဖွဲ့များတွင် အိမ်ကြီးပေါ် အိမ်ငယ်ဆောက်သည့် အာဏာရှင်ပေါက်စများကိုလည်း တွေ့ကြုံလာရကြောင်း မြေပြင်အခြေအနေ သိရှိသူများက ဆိုသည်။
“မိသားစုစားဝတ်နေရေး အဆင်မပြေတာက တစ်ပိုင်းပေါ့။ ခေါင်းဆောင်တချို့ရဲ့ တော်လှန်ရေးအပေါ် အမြတ်ထုတ်မှုတွေ ပိုမိုများပြားလာတာတွေကြောင့်ရယ်၊ တော်လှန်ရေးကာလ ရှည်ကြာလာတာတွေကြောင့် တပ်ပြေးတွေ များလာတာပါ။ တပ်တချို့မှာဆိုရင် တပ်ခေါင်းဆောင်ရဲ့ အမျိုးသမီးအတွက် အလုပ်လုပ်ပေးရတာတွေရှိတယ်။ ဒေသခံတွေလည်း မြင်နေ၊ တွေ့နေရတာပါပဲ” ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
လက်ရှိတွင် ခွင့်မဲ့၊ ခွင့်လွန်နေကြသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို တာဝန်ပြန်လည်ထမ်းဆောင်ကြရန် ၎င်းတို့၏ မိခင်တပ်ရင်းနှင့် စစ်ဒေသများက ကြေညာချက်များ ထုတ်ပြန်ထားကြသည်။
“မရှိအတူ၊ ရှိအတူဆိုပြီး တော်လှန်ရေးထဲမှာ အကုန်လုံးနဲ့ တစ်သားတည်းနေပြီး တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေကတော့ အများကြီး ရှိနေပါသေးတယ်။ ဒါပေမဲ့ တစ်နှစ်နဲ့တစ်နှစ် အခြေအနေတွေက အရမ်းဆိုးလာတာရှိသလို၊ ကောင်းလာတာတွေလည်း ရှိမယ်။ တပ်သားသစ်တွေလည်း ခေါ်တဲ့အခါမှာ ရှားပါးလာသလို တပ်တွေအနေနဲ့လည်း ရှိပြီးသား ရဲဘော်တွေနဲ့ ထိန်းကျောင်းနိုင်အောင် လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
စစ်ကော်မရှင်တပ်ဘက်မှလည်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ PDF တပ်ဖွဲ့ဝင် မန္တလေးတိုင်းမှ ၁၃၅ ဦးနှင့် မကွေးတိုင်းမှ ၁၄ ဦး၊ စုစုပေါင်း ၁၄၉ ဦးကို မိဘများထံ ပြန်လည်အပ်နှံခဲ့ပြီး လက်နက်ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်ခဲ့ကြောင်း ဝါဒဖြန့်ချိထားသည်။
စစ်ကော်မရှင်တပ်၏ မီဒီယာများနှင့် လော်ဘီများအနေဖြင့် PDF များ ဘက်ပြောင်းခိုလှုံသည်ဟု တစ်ဖက်သတ် မကြာခဏ ဝါဒဖြန့်ချိလျက်ရှိသော်လည်း ပြည်သူများကမူ ယုံကြည်မှုမရှိဘဲ လိမ်ညာနေခြင်းသာဖြစ်သည်ဟု မှတ်ချက်ပြုကြသည်။
