လူမျိုးပေါင်းစုံ အခွင့်အရေးကို အာမခံမည့် ကော်သူးလေချာတာ (Kawthoolei Charter) ရေးဆွဲနေ

ဓာတ်ပုံ-လူမှုကွန်ရက်

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေများအတွင်း ခေတ်စနစ်နှင့် ညီညွတ်ပြီး လူမျိုးပေါင်းစုံ၏ အခွင့်အရေးကို အာမခံချက်ပေးနိုင်မည့် “ကော်သူးလေချာတာ (Kawthoolei Charter)” တစ်ရပ်ကို ရေးဆွဲနေပြီဖြစ်ကြောင်း KNU တွဲဖက်အထွေထွေအတွင်းရေးမှူး – ၂ ပဒိုစောလှထွန်းက ပြောကြားထားသည်။

ယင်းချာတာ (Charter) သည် လက်ရှိ မြေပြင်အခြေအနေများနှင့် ကိုက်ညီမှုရှိစေရန်နှင့် ခိုင်မာသော ဥပဒေမူဘောင်တစ်ရပ် ဖြစ်လာစေရန် ရည်ရွယ်ပြီး သက်ဆိုင်ရာ အစုအဖွဲ့များ၊ ပညာရှင်များနှင့် တိုင်ပင်ရေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ တည်ဆောက်လိုတဲ့ ကော်သူးလေဟာ ခေတ်စနစ် မြေပြင်အခြေအနေနဲ့ ကိုက်ညီပြီး အများပြည်သူ နားလည်ထောက်ခံတဲ့ ခိုင်မာတဲ့ ဥပဒေမူဘောင် တစ်ရပ်အပေါ်မှာ အခြေခံရမှာ ဖြစ်တဲ့အတွက် ကော်သူးလေချာတာကို ရေးဆွဲနေတာ ဖြစ်ပါတယ်” ဟု ပဒိုစောလှထွန်းက ပြောသည်။

KNUက တည်ဆောက်မည့် အုပ်ချုပ်ရေးစနစ်တွင် ကရင်လူမျိုးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်သကဲ့သို့ နယ်မြေအတွင်း အတူယှဉ်တွဲ နေထိုင်ကြသည့် အခြားသော တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ အခွင့်အရေးများကိုလည်း အပြန်အလှန် အသိအမှတ်ပြု လေးစားပြီး ကိုယ်စားပြုမှုများ ပါဝင်လာစေရန် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။

” ယခုလို ခေတ်စနစ် မြေပြင်အခြေအနေနဲ့ ကိုက်ညီတဲ့ ချာတာတစ်ခုဖြစ်လာမယ့် လူထုကို ပြန်လည်ရှင်းပြပြီး လူထုဆီက အသံကိုပြန်နားထောင်တဲ့ ပုံစံမျိုး၊ ပြည်သူ့သဘောထား ကောက်ခံတာမျိုးဖြစ်ရင်တော့တော့အကောင်းဆုံးပါ။​ ” ဟု ကရင်အမျိုးသားလူငယ်တစ်ဦးကဆိုသည်။

လက်ရှိ တော်လှန်ရေးကာလအတွင်း ကြုံတွေ့နေရသည့် ကြီးမားသော စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်နှင့် ခေတ်မီတိုးတက်သော လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်ရန်အတွက် အုပ်ချုပ်ရေးယန္တရား၏ စွမ်းဆောင်ရည်နှင့် အရည်အချင်းများကို မြှင့်တင်သွားမည်ဖြစ်ကြောင်းလည်း KNU ဘက်က အသိပေး ပြောကြားထားသည်။

“ဒါဟာ KNU ဆိုတဲ့ အဖွဲ့အစည်း ဦးဆောင်မှုအောက်ကနေ နိုင်ငံ/ပြည်နယ် (State)ပုံစံ အုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းဖို့ ပြင်ဆင်တာလို့ သုံးသပ်နိုင်ပါတယ်။ အရင်က KNU ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သွားနေတာကနေ၊ လူမျိုးပေါင်းစုံပါဝင်နိုင်တဲ့ ပိုကျယ်ပြန့်တဲ့ ကော်သူးလေ ပြည်နယ် ဖွဲ့စည်းပုံ (Charter) တစ်ခုအဖြစ် အဆင့်မြှင့်တင်ဖို့ ကြိုးစားတာ ဖြစ်နိုင်ပါတယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးကသုံးသပ်သည်။

ရေးဆွဲဆဲဖြစ်သော ကော်သူးလေချာတာ ပြီးစီးပါက အချိန်ကာလတစ်ခုတွင် ပြည်သူလူထုထံသို့ တရားဝင် ချပြပေးသွားရန် အစီအစဉ်ရှိကြောင်းလည်း ပဒိုစောလှထွန်းကဆိုသည်။

၁၉၄၉ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့၌ ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ကိုယ်တိုင် ကော်သူးလေ လွတ်လပ်သော ပြည်နယ်ကို ရန်ကုန်မြို့ (မင်္ဂလာဒုံ) တွင် ကြေညာခဲ့ပြီး ကော်သူးလေအစိုးရအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ဖူးသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ၎င်းတို့၏ ထိန်းချုပ်နယ်မြေများအတွင်းတွင် ပညာရေး၊ ကျန်းမာရေး၊ သစ်တော၊ လယ်ယာနှင့် တရားစီရင်ရေး စသည့် ဌာနဆိုင်ရာ (၁၄) ခုခန့်ဖြင့် ဝန်ကြီးဌာနများသဖွယ် ဖွဲ့စည်းထားပြီး၊ နယ်မြေပိုင်းခြားမှုအနေဖြင့်လည်း ခရိုင် (၇) ခု၊ တပ်မဟာ (၇) ခု သတ်မှတ်ကာ ဗဟို၊ ခရိုင်၊ မြို့နယ်မှ ကျေးရွာအုပ်စုအဆင့်ထိ အုပ်ချုပ်ရေးယန္တရားများ နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာ တည်ဆောက်ထားသည်။