ပရဟိတဆေးရုံများနှင့် ဒေသန္တရဆေးရုံများ၌ ဆေးဝယ်မရဘဲ ဆေးဝါးပြတ်လပ်မှုများ ဖြစ်ပေါ်နေ

ဓာတ်ပုံ-လူမှုကွန်ရက်

ရန်ကုန်မြို့ရှိ ပရဟိတ ကုသိုလ်ဖြစ် ဆေးရုံများနှင့် မြို့နယ်အသီးသီးရှိ ဒေသန္တရဆေးရုံများ၌ ပြည်ပမှ ဆေးဝါးဝယ်ယူ၍ မရတော့သည့်အတွက် ဆေးဝါးပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း သွားရောက်ကုသသူ လူနာများနှင့် ပြည်သူများထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့ရှိ အစိုးရဒေသန္တရဆေးရုံများ ဖြစ်သည့် စံပြဆေးရုံ၊ မြောက်ဥက္ကလာပဆေးရုံ စသည့် ဆေးရုံများတွင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကဲ့သို့ မဖြစ်မနေ လိုအပ်သည့် ဆေးဝါးများ ပြတ်လပ်နေသည်ဟု သိရသည်။

“ခွေးရူးကာကွယ်ဆေး သွားထိုးတာ ရန်ကုန်ဆေးရုံကြီးကို လွှဲပေးတယ်။ ဆေးရုံမှာ ဆေးပြတ်နေတယ်လို့ ပြောတယ်။ ဆေးရုံကြီးမှာလည်း အခမဲ့ ထိုးရတာပါ၊ ဒါပေမဲ့ ဝေးတယ်လေ” ဟု ပြီးခဲ့သည့် ရက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံသို့ သွားရောက်ကုသမှု ခံယူခဲ့သူ လူနာတစ်ဦးက ပြောသည်။

အလားတူ မြောက်ဥက္ကလာပ အထွေထွေရောဂါကု ဆေးရုံကြီးတွင်လည်း ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ပြတ်လပ်နေသဖြင့် ကာကွယ်ဆေးထိုးရန် သွားရောက်ခဲ့သူ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ အခက်ကြုံခဲ့ရသည်။

“သားလေးကို ကာကွယ်ဆေးသွားထိုးတာ အင်းစိန်ဆေးရုံကို ပြန်လွှဲတယ်။ ဆေးပြတ်နေတယ်လို့ ပြောပါတယ်” ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။

ထို့ပြင် ပရဟိတ ကုသိုလ်ဖြစ် ဆေးရုံများတွင်လည်း ဆေးဝါးများ ပြတ်လပ်နေသဖြင့် လူနာများကို လျှော့ချကုသပေးနေရသည့် အခြေအနေများ ရှိနေသည်။

“စက္ခုပါလ ပရဟိတဆေးရုံမှာ မျက်စိခွဲဖို့ ဆေးဝယ်မရလို့ လူနာတစ်ဝက်လောက် လျှော့ထားရတယ်။ အရင်က လူနာ ၁၅၀ လောက် နေ့တိုင်း ခွဲပေးနေတာကနေ အခုက ၇၀ လောက်ပဲ ခွဲပေးနိုင်တော့တယ်” ဟု အရှေ့ဒဂုံမြို့နယ်ရှိ စက္ခုပါလ ပရဟိတ မျက်စိဆေးရုံမှ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ရှိ ပရဟိတနှင့် ဒေသန္တရ အစိုးရဆေးရုံအချို့တွင် ဆေးဝါးများ ပြတ်လပ်နေသော်လည်း ပုဂ္ဂလိကဆေးရုံများတွင်မူ ဈေးကြီးပေး၍ ကုသပါက ဆေးဝါးများ ဝယ်ယူရရှိနိုင်သေးကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ၎င်းတို့အတွက် နိုင်ငံခြားငွေ ဒေါ်လာရှားပါးနေသဖြင့် သွင်းကုန်များကို ကန့်သတ်ချုပ်ခြယ်ထားရာမှ ယင်းကဲ့သို့ ဆေးဝါးပြတ်လပ်မှုများ ဖြစ်လာရခြင်းဖြစ်ကြောင်း ဆရာဝန်အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုနေကြသည်။

အာဏာသိမ်းစစ်တပ်သည် စစ်လက်နက်ပစ္စည်းများ ဝယ်ယူရန်သာ နိုင်ငံပိုင်ဒေါ်လာများကို အသုံးပြုနေပြီး ပြည်သူများအတွက် မဖြစ်မနေ ဝယ်ယူရမည့် ဆေးဝါးများကို လျှော့ချဝယ်ယူနေခြင်းလည်း ဖြစ်ကြောင်း သိရှိရသည်။