အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အကြား တော်လှန်ရေးဦးဆောင်မှု ခိုင်မာစေရန်အတွက် နှစ်ပတ်တစ်ခါ ပုံမှန်တွေ့ဆုံဆွေးနွေးသွားရန် သဘောတူညီမှု ရရှိခဲ့ကြောင်း NUCC ပြောရေးဆိုခွင့်ရှိသူ ဒေါ်နှင်းနှင်းမွှေးက MPA သို့ ပြောသည်။
ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်ခဲ့သည့် တွေ့ဆုံမှုတွင် NUG ဘက်မှ ၎င်းတို့ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မရှင် (PCC) ကို NUCC နှင့် တွေ့ဆုံရန် တရားဝင်လုပ်ပိုင်ခွင့် (Mandate) ပေးအပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ပုံမှန်တွေ့ဆုံရေး သဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
“NUCC အဖွဲ့ဝင်အဖြစ် ရှိပြီးသား ဖက်ဒရယ်ယူနစ်တွေ၊ ဖက်ဒရယ်ကောင်စီတွေအပြင် နောက်ထပ်ပေါ်လာတဲ့ အဖွဲ့တွေလည်း ပါနိုင်အောင် ကြိုးစားရမှာ။ ၂၀၂၆ က စိန်ခေါ်မှုတွေ ပိုများလာနိုင်တဲ့နှစ်ဆိုတော့ ပိုပြီး အားကောင်းတဲ့ စုဖွဲ့မှုတွေ လုပ်နိုင်ရင် အကောင်းဆုံးပါပဲ” ဟု NUCC ပြောရေးဆိုခွင့်ရှိသူ ဒေါ်နှင်းနှင်းမွှေးက ဆိုသည်။
လက်ရှိတွင် တော်လှန်ရေးအင်အားစုများအကြား ရှိနေသည့် သဘောထားကွဲလွဲမှုများနှင့် ပွတ်တိုက်မှုများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးအဖြေရှာရန် အဓိကထား လုပ်ဆောင်နေကြောင်း ဒေါ်နှင်းနှင်းမွှေးက ဆိုသည်။
“အဓိကကတော့ မိတ်ဖက်ကွဲလွဲမှု၊ ပွတ်တိုက်မှုတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးပြီး အဖြေရှာကြတာပါ” ဟု ၎င်းက ပြောသည်။
နောင်တွင် NUG၊ NUCC နှင့် ဖက်ဒရယ်ယူနစ်များသာမက နောက်ထပ်ပေါ်ပေါက်လာသည့် အင်အားစုများအားလုံး ပါဝင်နိုင်သည့် တပ်ပေါင်းစု ပုံစံတစ်ရပ် ဖော်ဆောင်နိုင်ရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။
“NUG နဲ့ NUCC တွေ့ဆုံတာကို ကောင်းမွန်တဲ့ အစပျိုးမှုလို့ မြင်နိုင်ပေမယ့်၊ ပြည်သူတွေက စကားပြောတာထက် လက်တွေ့ကျတဲ့ ရလဒါ စစ်အာဏာရှင်ကို ပိုပြီး ထိထိရောက်ရောက် တိုက်ခိုက်နိုင်မှုကို ပိုလိုချင်နေကြပါတယ်။” ဟု အသက် ၃၅ အရွယ်တော်လှန်ရေးတွင် ထောက်ပို့လုပ်နေသည့် အမျိုးသမီးတစ်ဦးက သူ့အမြင်ကို ပြောသည်။
NUCC နှင့် NUG တို့အကြား တွေ့ဆုံခြင်းဖြစ်သောကြောင့်တိုင်းရင်းသားလက်နက်ကိုင် (ERO) အဖွဲ့များကို သီးခြားဖိတ်ခေါ်ထားခြင်း မရှိသော်လည်း၊ NUCC ထဲတွင် ပါဝင်နေသည့် ERO အစုအဖွဲ့များလည်းရှိကြောင်း NUCC ပြောရေးဆိုခွင့်ရှိသူ ဒေါ်နှင်းနှင်းမွှေး ဆိုသည်။
ယခုကဲ့သို့ ပုံမှန်တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် ရောက်ရှိလာခြင်းသည် ၂၀၂၆ ခုနှစ်အတွင်း တော်လှန်ရေး၏ နိုင်ငံရေးဦးဆောင်မှုအပိုင်းတွင် ပိုမိုညီညွတ်သော အခင်းအကျင်းတစ်ရပ် ဖြစ်ပေါ်လာစေရန် မျှော်လင့်ချက် မြင့်တက်စေသည့် ခြေလှမ်းတစ်ခုလည်း ဖြစ်သည်။
“NUCC အပြင်ဘက်က အင်အားစုတွေ၊ ဥပမာ – အင်အားကြီး ERO အချို့ကို ဘယ်လိုဆွဲဆောင်မလဲဆိုတာကို စိတ်ဝင်စားကြမှာပါ။ တပ်ပေါင်းစုဆိုတာ စာရွက်ပေါ်မှာတင်မဟုတ်ဘဲ မြေပြင်ထိန်းချုပ်မှုမှာပါ သက်ရောက်မှုရှိဖို့ လိုတယ်လို့ သူတို့က မြင်ကြပါတယ်။” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးကဆိုသည်။
လတ်တလော NUCC တွင် National League for Democracy ( NLD) ,Kachin Political Interim Coordination Team ( KPICT) ,Karen National Union ( KNU), Kareni National Progressive Party ( KNPP) ,Kareni State Consultative Council ( KSCC),Commitee Representing Pyidaungsu Hluttaw ( CRPH) ,Anti-Junta Forces Coordination Committee ( AFCC) ( Mandalay) ,AAPP စသည့်အဖွဲ့ ၈ဖွဲ့က ယာယီနှုတ်ထွက်ထားသည်။
