အစ္စရေးနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံတို့ထံ ဒေါ်လာ ၆.၆၇ ဘီလီယံနှင့် ၉ ဘီလီယံ အသီးသီးတန်ဖိုးရှိသော လက်နက်ရောင်းချမှု နှစ်ရပ်ကို အတည်ပြုလိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃၀ ရက်နှောင်းပိုင်းတွင် ကြေညာလိုက်သည်။
ထရန့်အစိုးရက ဂါဇာဒေသတွင် ငြိမ်းချမ်းရေးထိန်းသိမ်းမှု အစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်နေချိန်နှင့် အီရန်အပေါ် အမေရိကန်၏ စစ်ရေးအရ တိုက်ခိုက်မှုပြုလုပ်နိုင်သည့် ခြိမ်းခြောက်မှုများ ရှိနေချိန်တွင် ယခုကဲ့သို့ အတည်ပြုလိုက်ခြင်းဖြစ်သည်။
အစ္စရေးသို့ ရောင်းချမှုတွင် ဒုံးကျည်ပစ်လွှတ်စနစ်ပါဝင်သော Apache ရဟတ်ယာဉ် အစင်း ၃၀ မှာ အများဆုံးဖြစ်ပြီး၊ ၎င်းနှင့်အတူ အပေါ့စား စစ်ဘက်သုံးမော်တော်ယာဉ် ၃,၂၅၀ စီး၊ သံချပ်ကာလူတင်ယာဉ်များအတွက် စက်အင်ဂျင်များနှင့် အပေါ့စား ရဟတ်ယာဉ် အမြောက်အမြား ပါဝင်သည်။
ယခုရောင်းချမှုသည် “အစ္စရေး၏ နယ်စပ်များ၊ အရေးကြီးသော အခြေခံအဆောက်အအုံများနှင့် လူဦးရေထူထပ်ရာ မြို့ပြများကို ကာကွယ်နိုင်စွမ်း မြှင့်တင်ပေးခြင်းအားဖြင့် လက်ရှိနှင့် အနာဂတ်တွင် ကြုံတွေ့ရနိုင်သော ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်စွမ်း တိုးတက်စေမည်ဖြစ်သည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထို့အပြင် “အမေရိကန်က အစ္စရေး၏ လုံခြုံရေးအတွက် ကတိကဝတ်ပြုထားပြီး၊ အစ္စရေးအနေဖြင့် ခိုင်မာပြီး အသင့်ဖြစ်နေသော ကိုယ်ပိုင်ခုခံကာကွယ်နိုင်စွမ်းကို ဖွံ့ဖြိုးထိန်းသိမ်းနိုင်ရန် ကူညီပေးခြင်းသည် အမေရိကန်၏ အမျိုးသားအကျိုးစီးပွားအတွက် အလွန်အရေးကြီး သည်” ဟု ဆိုသည်။
ဆော်ဒီအာရေးဗီးယားနိုင်ငံသို့လည်း Patriot ဒုံးကျည် ၇၃၀ နှင့် ဆက်စပ်ပစ္စည်းများကို အမေရိကန် ရောင်းချမည်ဖြစ်သည်။ ၎င်းသည် “ပင်လယ်ကွေ့ဒေသ၏ နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးတိုးတက်မှုအတွက် အားကိုးရသော၊ နေတိုး (NATO) အဖွဲ့ဝင်မဟုတ်သည့် အဓိကမဟာမိတ်နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးကို မြှင့်တင်ပေးခြင်းအားဖြင့် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေး ရည်မှန်းချက်များကို အထောက်အကူပြုမည်ဖြစ်သည်” ဟု ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
“ယခုကဲ့သို့ လက်နက်ရောင်းချမှုသည် ဆော်ဒီအာရေးဗီးယား၊ အမေရိကန်နှင့် ဒေသတွင်းမဟာမိတ်များ၏ ကြည်းတပ်အင်အားစုများကို အကာအကွယ်ပေးမည်ဖြစ်ပြီး ဒေသတွင်း ပေါင်းစပ်လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေးစနစ်တွင် ဆော်ဒီအာရေးဗီးယား၏ ပါဝင်ကူညီမှုကို သိသိသာသာ တိုးတက်ကောင်းမွန်စေမည်ဖြစ်သည်” ဟု ဆိုသည်။
ဇန်နဝါရီ ၂၉ ရက်နေ့က ပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးတွင် သမ္မတ ဒေါ်နယ်ထရန့်နှင့် ၎င်း၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်တို့က အမေရိကန်ကျောထောက်နောက်ခံပြုထားသည့် ဂါဇာအပစ်အခတ်ရပ်စဲရေး အစီအစဉ် ဒုတိယအဆင့်သို့ ရောက်ရှိလာချိန်တွင် ဟားမတ်စ်အဖွဲ့အနေဖြင့် လက်နက်စွန့်လွှတ်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ကြသည်။
သို့သော် ဒေသတွင်းလေ့လာဆန်းစစ်သူများကမူ ဟားမတ်စ်အဖွဲ့ အနေဖြင့် လက်နက်စွန့်ရန် ရည်ရွယ်ချက်မရှိဘဲ ထရန့်၏ ဂါဇာစီမံကိန်း တစ်ခုလုံးကိုပင် ပိတ်ဆို့ဟန့်တားနိုင်ကြောင်း သတိပေးထားသည်။
“ဟားမတ်စ်အဖွဲ့ဟာ ဂါဇာကမ်းမြောင်ဒေသမှာ သူတို့ရဲ့ အာဏာနဲ့ သြဇာကို ဆက်ထိန်းထားနိုင်ဖို့အတွက် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ လှည့်ဖြားခြယ်လှယ်မှုတွေ လုပ်ဆောင်ပါလိမ့်မယ်” ဟု အမျိုးသားလုံခြုံရေးလေ့လာမှုအဖွဲ့ (INSS) နှင့် Misgav အဖွဲ့အစည်းမှ အကြီးတန်းသုတေသနပညာရှင် ပါမောက္ခကိုဘီမစ်ချဲလ်က Fox News Digital သို့ ပြောကြားခဲ့သည်။
“အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ကသာ ဟားမတ်စ်ကို လက်နက်ဖြုတ်သိမ်းနိုင်မယ့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
