စစ်တွေထောင်တွင် ဆေးကုသခွင့်မရသဖြင့် နိုင်ငံရေးအကျဉ်းသူ/သား ၂ ဦး ကျဆုံးသွားရခြင်းကို ဆက်လက်ဖော်ထုတ်မည်

ရခိုင်ပြည်နယ်၊စစ်တွေထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးနှင့် အကျဉ်းသူတစ်ဦးတို့ ဆေးကုသ ခွင့်မရသဖြင့် ကျဆုံးသွားရခြင်းအကြောင်းကို ဆက်လက်ဖော်ထုတ်သွားမည်ဟု Network For Political Prisoners ကသတင်းထုတ်ပြန်သည်။

စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုသိန်းထိန်းစိန်နှင့် နိုင်ငံရေးအကျဉ်းသူ မစောတင်မေတို့ ဆေးကုသခွင့်မရသဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကိုသိန်းထွန်းစိန်သည် ဗိုက်အောင့်ဝေဒနာခံစားနေရသည်မှာ ကြာပြီဖြစ်သော်လည်း ထောင်အာဏာပိုင်များက ဆေးကုသမှုမပေးခဲ့ဘဲ ဝမ်းဗိုက် မခံမရပ်နိုင်သည်အထိ အောင့်လာခြင်း ၊ အော့အန်ခြင်းနှင့် ဝမ်းဗိုက်သိသိသာသာ ဖောင်းတက်လာပြီး အဆိုးဝါးဆုံး အခြေအနေရောက်မှသာ ဆေးရုံသို့ပို့ဆောင်ခဲ့ရာ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာ ၁၈ ရက်၊ ဆေးရုံရောက်ချိန်၌ ကျဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသူ မစောတင်မေသည်လည်း စစ်ကြောရေးက ရရှိခဲ့သည့် ဒဏ်ရာများကို ‌ထောင်တွင်း၌ပင် ကုသခွင့်မရခဲ့သဖြင့် ၂၀၂၅ ခုနှစ်တွင် ထောင်တွင်း၌ ကျဆုံးသွားခဲ့ကြောင်း Justice Network For Political Prisoners က ဇန်နဝါရီ ၃၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

“နိုင်ငံရေးအကျဉ်းသားတွေကို သူတို့ သေဆုံးပြီးမှပဲ မိသားစုကို ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်ရှင်။သေဆုံးပြီးမှ အကြောင်းကြားလို့မိသားစုက အလောင်းပြန်ရပါတယ်။ မစောတင်မေ မိသားစုလည်း ရုပ်အလောင်း ပြန်ရပါတယ်ရှင့်။ သေဆုံးပြီးတဲ့ ၃ ရက်လောက်ကြာတော့ မိသားစုဆီ ကို အလောင်းပြန်ရပြီးတော့ သင်္ဂြိုဟ်ခွင့်ရတယ်လို့ သိရပါတယ်။ ဆေးကုသမှုလုံးဝမရတာပါ”ဟု Justice Network For Political Prisoners တာဝန်ခံ မယုမိစံက MPA သို့ပြောသည်။

စစ်တွေထောင်တွင် ရက်လွန်ဆေးဝါးပင် မရှိသည်အထိ ဆေးဝါးပြတ်လပ်နေကြောင်းလည်း ၎င်းကဆိုသည်။

” သူတို့က ဘာဖြစ်ဖြစ် ဒိုင်ကလိုနဲ့ ဘာမီတွန်လောက်ပဲ တိုက်တာပေါ့နော်။ အဲဒီမှာက သူတို့က ဘယ်လို ကွန်ပလိန်းပေးလဲဆိုလို့ရှိရင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် သူတို့ဆီ ဆေးဝါး တွေ မရှိဘူးဆိုတာပြောတယ်ပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။

ကိုသိန်းထွန်းစိန်(၄၂နှစ်)သည် ပုဒ်မ ၁၇(၁) ၊ပုဒ်မ ၅၂(က) ၊ ပုဒ်မ ၅၀၅ တို့ဖြင့် ထောင်ဒဏ် အနှစ် ၄၀ ကျခံခဲ့ရပြီး မစောတင်မေ(၃၂နှစ်)သည် ပုဒ်မ ၁၇(၁) ဖြင့် ထောင်ဒဏ် ၃ နှစ်ကျခံရခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး စစ်တွေအကျဉ်းထောင် တာဝန်ခံနှင့် ဝန်ထမ်းများ၏ ကျူးလွန်မှုများကို မှတ်တမ်းအဖြစ် ထိန်းသိမ်းထားကာ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။