စစ်အာဏာသိမ်း ငါးနှစ်အတွင်း ဒုက္ခများစွာဖြင့် ရင်ဆိုင်နေရသည့် ပြည်သူများနှင့် ဆက်လက်ရပ်တည်မည်ဟု UK ကတိပြု

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-ယူကေ နိုင်ငံခြားရေးဝန်ကြီးနှင့် စစ်တပ် အာဏာသိမ်းပြီး ဆန္ဒပြခဲ့မှုမြင်ကွင်းများ

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့သည်မှာ ငါးနှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပြီး ပြည်သူများမှာ ပြင်းထန်ဆိုးရွားလှသည့် အကျပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်ဟု ယူကေနိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံခြားရေး၀န်ကြီး Yvette Cooper က ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးက ယနေ့(ဖေဖော်ဝါရီ ၁ရက်) တွင် ထုတ်ပြန်ထားသည်။

စစ်တပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီအစိုးရကို ဖြုတ်ချခဲ့ခြင်းမှာ ပြည်သူ့ဆန္ဒနှင့် နိုင်ငံရေးလွတ်လပ်ခွင့်များကို ဥပေက္ခာပြုကာ ဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်ကြောင်း ယူကေနိုင်ငံခြားရေးဝန်ကြီး Yvette Cooper က ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားသည်။

ယူကေအစိုးရအနေဖြင့် ဤသို့သော အကျပ်အတည်းများကြားတွင်ပင် မြန်မာပြည်သူများအတွက် တည်ငြိမ်သော အနာဂတ်တစ်ရပ် ဖြစ်ပေါ်လာစေရန် ဆက်လက်ကူညီသွားမည်ဟု ကတိပြုခဲ့ကာ၊ တစ်နှစ်အတွင်း၌ပင် မြန်မာပြည်သူ ၁ဒဿမ၄ သန်းကျော်ကို လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခဲ့ပြီး ၁ဒဿမ၃ သန်းကိုလည်း မရှိမဖြစ်လိုအပ်သည့် ကျန်းမာရေးဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း၊ ထိခိုက်မှုအများဆုံး ခံစားရသည့် ပြည်သူများနှင့်အတူ ယူကေက အမြဲရှိနေမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

ဤထုတ်ပြန်ချက်နှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “ယူကေရဲ့ သဘောထားဟာ နိုင်ငံတကာက စစ်ကော်မရှင်ကို အသိအမှတ်မပြုဘူးဆိုတာ ပြလိုက်တာပါ။ ဒါပေမဲ့ ငါးနှစ်အတွင်းမှာ စစ်တပ်က ပြည်သူကို ဂရုမစိုက်ဘဲ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကိုပဲ ဇွတ်အတည်ပြုဖို့ ကြိုးစားနေတာက တိုင်းပြည်ကို ပိုပြီး ချောက်ထဲ ဆွဲချနေတာပါပဲ” ဟု သုံးသပ်သည်။
သို့သော်လည်း မြေပြင်အခြေအနေများမှာမူ အလွန်ဆိုးရွားနေဆဲဖြစ်ကြောင်း ဝန်ကြီးက ထောက်ပြထားသည်။

မြန်မာနိုင်ငံရှိ ကလေးသူငယ် စုစုပေါင်း၏ ထက်ဝက်ခန့်မှာ ပညာသင်ယူခွင့် မရကြတော့ဘဲ အမျိုးသမီးများနှင့် မိန်းကလေးငယ်များမှာလည်း အကြမ်းဖက်မှုဒဏ်ကို ဆက်လက်ခံနေရသည့်အပြင် စစ်ကော်မရှင် လက်ထက်၌ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် အွန်လိုင်းလိမ်လည်မှုကဲ့သို့သော ရာဇဝတ်မှုများ ပိုမိုဖြစ်ပွားလာနေခြင်းကလည်း စိုးရိမ်စရာ ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

မကြာသေးမီက စစ်ကော်မရှင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း ဝန်ကြီးက လွတ်လပ်မှုမရှိသလို တရားမျှတမှုလည်း မရှိကြောင်း ပြတ်ပြတ်သားသား ပြောဆိုခဲ့သည့်အပြင် ပြည်သူတို့၏ ဆန္ဒနှင့် ကိုက်ညီသည့် အပြောင်းအလဲများ ဖြစ်လာရန် လုပ်ဆောင်စရာများစွာ ကျန်နေသေးပြီး၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်စဲရန်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံး လွှတ်ပေးရန် စစ်တပ်ကို တောင်းဆိုထားသည်။

ရန်ကုန်မြို့က အိမ်ရှင်မတစ်ဦးကမူ “ငါးနှစ်အတွင်းမှာ ကျွန်မတို့ဘဝတွေ ပျက်စီးသွားသလိုပါပဲ။ ကုန်စျေးနှုန်းတွေက အဆမတန် တက်နေတော့ စားဖို့သောက်ဖို့တောင် ခက်ခဲလာတယ်။ နိုင်ငံတကာက အကူအညီတွေ ပေးတယ်ဆိုတာ ကြားရတာ ဝမ်းသာပေမဲ့ ကျွန်မတို့ တကယ်လိုချင်တာကတော့ ဘေးကင်းလုံခြုံတဲ့ ဘဝဟောင်းကိုပဲ ပြန်လိုချင်တာပါ” ဟု သူမ၏ ခံစားချက်ကို ရင်ဖွင့်သည်။

စစ်ဘေးရှောင်စခန်းတစ်ခုတွင် ရောက်ရှိနေသည့် အမျိုးသားတစ်ဦးကလည်း “ယူကေဝန်ကြီးပြောတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်ဖို့ဆိုတာက မြေပြင်မှာ တကယ်လိုအပ်နေတာပါ။ ရွာတွေ မီးရှို့ခံနေရတာ၊ ဗုံးကြဲခံနေရတာတွေက ရပ်မသွားဘူး။ တောင်းဆိုရုံတင် မဟုတ်ဘဲ စစ်တပ်ကို ထိထိရောက်ရောက် တားဆီးပေးမယ့် လုပ်ရပ်တွေကို ပိုမြင်ချင်ပါတယ်” ဟု ပြောသည်။

ပညာရေးလောကမှ CDM ဆရာမတစ်ဦးက ကလေးသူငယ် ထက်ဝက်ခန့်မှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေရသည်မှာ ငြင်းမရသည့် အမှန်တရားပင် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကျောင်းမတက်ရသည့် ကလေးငယ်များ ပိုမိုများပြားလာခြင်းသည် တိုင်းပြည်၏ အနာဂတ်အတွက် အလွန်ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ် ဖြစ်ကြောင်းနှင့် ဤငါးနှစ်တာ ကာလအတွင်းတွင် မျိုးဆက်တစ်ခုလုံး ပျက်စီးသွားနိုင်မည့် အန္တရာယ်မှာ ယခင်ကထက် ပိုမိုနီးကပ်လာနေပြီဖြစ်ကြောင်း ပြောသည်။

နိုင်ငံရေးလေ့လာသူများကမူ စစ်တပ်၏ ရွေးကောက်ပွဲမှာ နိုင်ငံရေးထွက်ပေါက် ရှာခြင်းသာဖြစ်ကြောင်း ရှုမြင်ကြပြီး စစ်တပ်အနေဖြင့် အာဏာကို စွန့်လွှတ်ရန် ဆန္ဒမရှိဘဲ ယခုပြုလုပ်သည့် ရွေးကောက်ပွဲမှာလည်း ၎င်းတို့နှင့် အလိုတူအလိုပါ ဖြစ်သူများကိုသာ နေရာပေးရန်အတွက် ဖန်တီးထားသည့် ပြဇာတ်တစ်ခုသာ ဖြစ်ကြောင်း၊ နိုင်ငံတကာကလည်း ဤအခြေအနေကို သိရှိနားလည်ထားသည့်အတွက် စစ်ကော်မရှင်အနေဖြင့် နိုင်ငံရေးအရ အကျပ်အတည်းများနှင့် ဆက်လက်ရင်ဆိုင်နေရဦးမည်ဖြစ်ကြောင်း ထောက်ပြသည်။

တော်လှန်ရေးတွင် ပါဝင်နေသည့် လူငယ်တစ်ဦးကမူ “ငါးနှစ်ဆိုတဲ့ အချိန်က နည်းတဲ့အချိန် မဟုတ်ပါဘူး။ ကျွန်တော်တို့ လူငယ်တွေရဲ့ အချိန်တွေ အများကြီး ကုန်ဆုံးသွားပြီ။ ဒါပေမဲ့ မျှော်လင့်ချက်ကတော့ မပျောက်သေးဘူး။ နိုင်ငံတကာက အခုလို ထုတ်ပြန်ချက်တွေ လုပ်ပေးတာကို ကျေးဇူးတင်ပေမဲ့ မြေပြင်က တိုက်ပွဲကတော့ ပြည်သူတွေရဲ့ အားနဲ့ပဲ ဆက်သွားရမှာပါ” ဟု ပြောသည်။

ယူကေနိုင်ငံခြားရေးဝန်ကြီးကမူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရန်နှင့် ငြိမ်းချမ်းသော ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်ပေါ်လာစေရန် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် စစ်တပ်ကို တောင်းဆိုထားဆဲ ဖြစ်ပြီး ယူကေသည် မြန်မာပြည်သူများနှင့်အတူ အမြဲတစည်းတလုံးတည်း ရပ်တည်သွားမည်ဟုလည်း ကတိပြုထားသည်။