ရုရှားက ယူကရိန်းကို ဒရုန်းဖြင့် တိုက်ခိုက်ရာတွင် Starlink ကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုနေခြင်းကို SpaceX က ပိတ်လိုက်ပြီဟု အီလွန်မတ်စ်ပြော

ဓာတ်ပုံ- Reuters
ပုံစာ- ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ယူကရိန်းရှေ့တန်း ဒွန်းတက်ခ်ဒေသတွင် Starlink ဂြိုဟ်တုအင်တာနက်စက်တစ်ခုကို အသုံးပြုနေစဉ်။

ရုရှားနိုင်ငံက ယူကရိန်းအား တိုက်ခိုက်ရာတွင် Starlink အင်တာနက်စနစ်ကို ‘ခွင့်ပြုချက်မရှိဘဲ’ အသုံးပြုနေခြင်းကို SpaceX ကုမ္ပဏီက ပိတ်လိုက်ကြောင်း အီလွန်မတ်စ်က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြောကြားသည်။

ထို့အပြင် ယူကရိန်း ကာကွယ်ရေးဦးစီးချုပ်ကလည်း ရုရှားအနေဖြင့် Starlink အား ဆက်လက် အသုံးမပြုနိုင်စေရန် နည်းလမ်းများကို တာဝန်ရှိသူများက လုပ်ဆောင်နေကြောင်းလည်း ပြောကြားသည်။

ရုရှား၏ တိုက်ခိုက်မှုများတွင် အသုံးပြုသည့် အဝေးပစ်ဒရုန်းများပေါ်တွင် Starlink အင်တာနက်အထိုင်စက်များကို တွေ့ရှိခဲ့ရကြောင်း ယူကရိန်းက ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပြောကြားခဲ့သည်။

ယူကရိန်းစစ်တပ်သည်လည်း စစ်မြေပြင် ဆက်သွယ်ရေးနှင့် ဒရုန်းမစ်ရှင်အချို့ကို မောင်းနှင်ရန်အတွက် ဂြိုဟ်တုအခြေပြု Starlink အင်တာနက် ချိတ်ဆက်မှု ထောင်ပေါင်းများစွာကို အားထားနေရသည်။

Starlink အသုံးပြုကာ ဒရုန်းများကို လမ်းညွှန်ခြင်း ရုရှားအနေဖြင့် မလုပ်ဆောင်နိုင်စေရန် SpaceX နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ယူကရိန်းက ထုတ်ပြန်ထားသည်။

“ရုရှားက Starlink ကို တရားမဝင်အသုံးပြုမှုကို တားဆီးဖို့ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တဲ့ ခြေလှမ်းတွေက ထိရောက်ပုံရပါတယ်။ နောက်ထပ် လုပ်ဆောင်ဖို့ လိုအပ်တာရှိရင်လည်း ကျွန်တော်တို့ကို အသိပေးပါ” ဟု SpaceX စီအီးအို မတ်စ်က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ယူကရိန်းကာကွယ်ရေးဝန်ကြီး မိုင်ခိုင်လို ဖယ်ဒိုရော့ဗ်က ကိယက်ဗ်အနေဖြင့် ယူကရိန်းပိုင်နက်အတွင်း ခွင့်ပြုချက်ရထားသော Starlink အင်တာနက် လက်ခံစက်များသာ အလုပ်လုပ်နိုင်မည့် စနစ်တစ်ခုကို စီစဉ်နေကြောင်း ဖေဖော်ဝါရီ ၁ ရက်က သီးခြားထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

“ယူကရိန်းဟာ @Starlink နဲ့ အတူ ပူးပေါင်းပြီး ရုရှားဒရုန်းတွေကို တုံ့ပြန်ရာမှာ လျင်မြန်တဲ့ ရလဒ်တွေ ထွက်ပေါ်စေခဲ့တဲ့ ပထမဆုံး ခြေလှမ်းတွေကို လုပ်ဆောင်ပြီးဖြစ်ပါတယ်” ဟု ၎င်းက X တွင် ရေးသားခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လူမှုမီဒီယာတွင် တင်ခဲ့သည့် ပို့စ်တစ်ခု၌ SpaceX က ၎င်းတို့အနေဖြင့် Starlink ကို ရုရှားသို့ ရောင်းချခြင်း သို့မဟုတ် ပို့ဆောင်ခြင်း မရှိကြောင်းနှင့် “ရုရှားအစိုးရ သို့မဟုတ် ၎င်း၏ စစ်တပ်နှင့် မည်သည့် စီးပွားရေးလုပ်ငန်းမျိုးကိုမျှ လုပ်ဆောင်ခြင်း မရှိကြောင်း” ပြောကြားခဲ့သည်။

ရုရှားက ကျူးကျော်ဝင်ရောက်မှု စတင်ခဲ့ပြီးနောက် ယူကရိန်းက အကူအညီတောင်းခံခဲ့သဖြင့် ၂၀၂၂ ခုနှစ်တွင် အီလွန်မတ်စ်သည် ယူကရိန်းနိုင်ငံအထက်၌ ထဝန်ဆောင်မှုကို ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။