အီလွန်မတ်စ်၏ SpaceX နှင့် xAI ကုမ္ပဏီနှစ်ခု ပေါင်းစည်းပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး ပုဂ္ဂလိကကုမ္ပဏီ ဖြစ်လာ

CNN

အီလွန်မတ်စ်၏ SpaceX နှင့် xAI ကုမ္ပဏီ တို့ကို ပေါင်းစည်းလိုက်ပြီဖြစ်ကြောင်း SpaceX က ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ကြေညာခဲ့ရာ ယခုပေါင်းစည်းလိုက်သည့် ကုမ္ပဏီသည် ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံး ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာသည်။

“ဒါဟာ SpaceX နဲ့ xAI တို့ရဲ့ မစ်ရှင်အတွက် အခန်းကဏ္ဍသစ်တစ်ခုတင်မကဘဲ စာအုပ်အသစ်တစ်အုပ်ကို စတင်လိုက်တာလည်း ဖြစ်သည်” ဟု မတ်စ်က SpaceX ဝက်ဘ်ဆိုက်ရှိ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ယခုကဲ့သို့ ပေါင်းစည်းခြင်းသည် လျင်မြန်စွာ တိုးတက်နေသော AI နယ်ပယ်တွင် ယှဉ်ပြိုင်နိုင်ရန် xAI အတွက် လိုအပ်နေသော ငွေကြေးအရင်းအနှီးကို ဖြည့်ဆည်းပေးနိုင်သလို၊ အနာဂတ် အာကာသစူးစမ်းလေ့လာရေးတွင် AI နည်းပညာ၏ အရေးပါမှုကိုလည်း ပြသနေသည်။

ပုဂ္ဂလိကကုမ္ပဏီများ၏ တန်ဖိုးကို စောင့်ကြည့်လေ့လာသည့် PitchBook သုတေသနအဖွဲ့၏ အဆိုအရ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် SpaceX ၏ တန်ဖိုးမှာ ဒေါ်လာ ၈၀၀ ဘီလျံ ရှိခဲ့ပြီး၊ xAI ၏ တန်ဖိုးမှာ ဇန်နဝါရီလတွင် ပြုလုပ်ခဲ့သော နောက်ဆုံးအကြိမ် ရင်းနှီးမြှုပ်နှံမှုအရ ဒေါ်လာ ၂၃၀ ဘီလျံ ရှိခဲ့သည်။

ယခုလုပ်ဆောင်ချက်သည် AI နည်းပညာ တိုးတက်မှုများအတွက် လိုအပ်သော ကွန်ပျူတာလုပ်ဆောင်ချက် အရင်းအမြစ်များကို ရရှိရန် မတ်စ်၏ ကုမ္ပဏီများကဲ့သို့သော နည်းပညာထိပ်သီးများ၏ ကြိုးပမ်းမှုကိုလည်း ဖော်ပြနေသည်။

“လက်ရှိ AI တိုးတက်မှုတွေဟာ ကမ္ဘာမြေပေါ်က ဒေတာစင်တာကြီးတွေအပေါ် မှီခိုနေရပြီး၊ အဲဒါတွေက စွမ်းအင်နဲ့ အအေးခံစနစ် အမြောက်အမြား လိုအပ်သည်” ဟု အီလွန် မတ်စ်က ရေးသားခဲ့သည်။
“ဒါကြောင့် အကျိုးရှိဆုံး ဖြေရှင်းနည်းကတော့ ဒီလို အရင်းအမြစ်အများကြီး သုံးစွဲရတဲ့ လုပ်ငန်းတွေကို ကျယ်ဝန်းတဲ့ နေရာနဲ့ စွမ်းအင် အလျှံပယ်ရှိတဲ့ နေရာတစ်ခုဆီ ပြောင်းရွှေ့ဖို့ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

SpaceX သည် ဂြိုဟ်တုအလုံးရေ တစ်သန်းကို ပတ်လမ်းအတွင်း လွှတ်တင်ရန်အတွက် အမေရိကန် ဖက်ဒရယ် ဆက်သွယ်ရေးကော်မရှင် (FCC) ထံ ဇန်နဝါရီ ၃၀ ရက်နေ့က ခွင့်ပြုချက်တောင်းခံခဲ့သည်။

မတ်စ်သည် ၂၀၀၂ ခုနှစ်တွင် တည်ထောင်ခဲ့သည့် SpaceX ကို အများပိုင်ကုမ္ပဏီအဖြစ် အစုရှယ်ယာဈေးကွက်သို့ တင်ပို့ရန် (IPO) ပြင်ဆင်နေကြောင်း ဒီဇင်ဘာလတွင် အတည်ပြုခဲ့သည်။

အဆိုပါ ရှယ်ယာဈေးကွက် တင်ပို့မှုသည် သမိုင်းတစ်လျှောက် အကြီးမားဆုံးတစ်ခု ဖြစ်လာနိုင်ပြီး၊ ကုမ္ပဏီတန်ဖိုးမှာ ဒေါ်လာ ၁.၅ ထရီလျံအထိ ရှိလာနိုင်ကြောင်း ခန့်မှန်းထားကြသည်။

ယခုကဲ့သို့ ကုမ္ပဏီနှစ်ခု ပေါင်းစည်းပြီး အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲခြင်းသည် အီလွန်မတ်စ်၏ ကြွယ်ဝမှုကို ပိုမိုတိုးပွားစေမည် ဖြစ်သည်။

Bloomberg ၏ အဆိုအရ မတ်စ်သည် လက်ရှိတွင် ဒေါ်လာ ၆၇၆ ဘီလျံ ပိုင်ဆိုင်ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ဆက်လက် ရပ်တည်နေသည်။