မော်လမြိုင်ကို မြန်မာ့ပထမ လောင်းကစားမြို့အဖြစ် စစ်အုပ်စု တည်ဆောက်နိုင်ခဲ့ဟုဆို

အာဏာသိမ်းစစ်အုပ်စုလက်ထက်တွင် မွန်ပြည်နယ်၏ မြို့တော်ဖြစ်သော မော်လမြိုင်မြို့ကို မြန်မာ့ ပထမ လောင်းကစားမြို့အဖြစ် တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၄ခုနှစ်၊နိုဝင်ဘာ၁၅ရက်(တန်ဆောင်တိုင်လပြည့်နေ့)မှစတင်ကာ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက် များတွင် ဘာသာရေးအထိမ်းအမှတ်တစ်ခုခုအကြောင်းပြချက်ဖြင့် ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်း ခင်းခြင်းကို စတင်ခဲ့ရာ ယနေ့တိုင် ခြိမ့်ခြိမ့်သဲ ပြုလုပ်နေဆဲဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။

“မော်လမြိုင်ဆိုတာ မွန်ပြည်နယ်ရဲ့ မြို့တော်ပါ။ညဘက်ဆို ကားလမ်းမဘေးလောင်းကစားဝိုင်းတွေ က အောတိုက်နေတယ်။ တခြားမြန်မာနိုင်ငံက ဘယ်မြို့မှာမှ မရှိဘူး။ကျနော်တို့ မော်လမြိုင်နဲ့နီးနီး လေးက မြဝတီတို့ ဘုရားသုံးဆူတို့လို့ နယ်စပ်မြို့တွေမှာတောင် မြို့လယ်ခေါင်မှာ လမ်းဘေးလောင်း ကစားဝိုင်းမရှိဘူး”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက MPAသို့ပြောသည်။

မော်လမြိုင်မြို့ကို လောင်းကစားမြို့တော်အဖြစ် မင်းအောင်လှိုင်ခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင် ကြည်သိန်းနှင့် အပေါင်းအပါတစ်စုက လိုင်းကြေးယူကာ ခွင့်ပြုထားခြင်းဖြစ်ပြီး ကျိုက်မရောမြို့အဝင် ဂေါက်ကွင်း၊ ချောင်းဆုံ၊ပေါင်၊ မုဒုံ၊သံဖြူဇရပ်နှင့်သထုံတို့တွင်လည်း သက်ဆိုင်ရာအာဏာပိုင်တို့၏ခွင့် ပြုချက်ဖြင့် ဇာတ်ပွဲသွင်း၍ လောင်းကစားဝိုင်းခင်းနေကြောင်း သိရသည်။

“ကျနော်အခုအသက်၅၅ကျော်ပြီ။ သန်းရွှေလက်ထက်တုန်းကလည်း မော်လမြိုင်မြို့ပေါ်က လမ်းမ ဘေးမှာ အခုလို လောင်းကစားဝိုင်းလုပ်တာမျိုး မရှိခဲ့ဘူး။အောင်ကြည်သိန်းက ကိုယ့်ဒေသကိုယ် ဖျက်ဆီးနေတဲ့ကောင်ပါ”ဟု မော်လမြိုင်မြို့၊မုပွန်ရပ်နေ အမျိုးသားကြီးတစ်ဦးက ပြောသည်။

မော်လမြိုင်မြို့ပေါ်နှင့်အနီးမြို့များတွင် ဆွမ်း‌လောင်းပွဲ၊ဘုရားပွဲ စသည့် ဘာသာရေးခေါင်းစဉ်များ တပ်ကာ လောင်းကစားဝိုင်းပြုလုပ်နေသော်လည်း ဒေသခံသံဃာတော်များကလည်း မကန့်ကွက် ကြပေ။

“ဘုန်းကြီးတွေလည်း အောင်ကြည်သိန်းကို ကြောက်ကြတယ်။မကန့်ကွက်ရဲဘူး။ဖမ်းခံထိမှာစိုးလို့” ဟု ၎င်းက ဆက်လက်ပြောသည်။

မွန်ပြည်နယ်အတွင်း ပြုလုပ်နေသော လောင်းကစားဝိုင်းများမှာ အနီထောင်၊ဖဲ၊ဂလုတ်ဂလုတ်နှင့် အရုပ်လှည့်ခြင်းတို့ဖြစ်သည်။

စာတည်း-ML