Reuters
အမေရိကန်အစိုးရ၏ နိုင်ငံ၏ ပို့ကုန်-သွင်းကုန် (EXIM) ဘဏ်မှ မတည်ငွေ ဒေါ်လာ ၁၀ ဘီလျံ အရေးပါသော တွင်းထွက်သတ္တုများ မဟာဗျူဟာမြောက် အရန်စုဆောင်းမည့် အစီအစဉ်ကို ဖေဖော်ဝါရီ ၂ ရက်တွင်စတင်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ကြေညာလိုက်သည်။
“နှစ်ပေါင်းများစွာအတွင်း အမေရိကန် စီးပွားရေးလုပ်ငန်းတွေဟာ ဈေးကွက်မတည်ငြိမ်မှုတွေကြောင့် အရေးကြီးတဲ့ တွင်းထွက်သတ္တု ပြတ်လပ်နိုင်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေခဲ့ရသည်” ဟု သမ္မတ အိမ်ဖြူတော်တွင် ပြုလုပ်သော အခမ်းအနား၌ ထရန့်က ပြောကြားခဲ့သည်။
“အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေဟာ သတ္တုပြတ်လပ်မှုဒဏ်ကို ဘယ်တော့မှ မခံစားရစေဖို့အတွက် ‘Project Vault’ လို့ လူသိများလာမယ့် စီမံကိန်းကို ဒီနေ့မှာ စတင်လိုက်ပြီ ဖြစ်သည်” ဟု ၎င်းက ဆိုသည်။
အမေရိကန်အစိုးရ အာဏာပိုင်များသည် လျှပ်စစ်ကားများ၊ အဆင့်မြင့်နည်းပညာသုံး လက်နက်များနှင့် အခြားကုန်ထုတ်လုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သည့် လီသီယမ် (Lithium)၊ နီကယ် (Nickel) နှင့် မြေရှားသတ္တု (Rare Earths) ဈေးနှုန်းများအပေါ် တရုတ်၏ ဈေးကွက်ကစားမှုကို တုံ့ပြန်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
ယင်းကဲ့သို့ တရုတ်၏ ဈေးကွက်လွှမ်းမိုးမှုကြောင့် အမေရိကန် သတ္တုတူးဖော်ရေး ကုမ္ပဏီများမှာ နှစ်ရှည်လများ အခက်တွေ့နေခဲ့ရသည်။
စုစုပေါင်း ဒေါ်လာ ၁၂ ဘီလျံ တန်ဖိုးရှိသော အဆိုပါစီမံကိန်းသည် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဘီလျံနှင့် EXIM ဘဏ်မှ ချေးငွေ ဒေါ်လာ ၁၀ ဘီလျံတို့ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။
ယင်းငွေကြေးများဖြင့် မော်တော်ကား ထုတ်လုပ်သူများ၊ နည်းပညာကုမ္ပဏီများနှင့် အခြားကုန်ထုတ်လုပ်သူများအတွက် လိုအပ်သည့် သတ္တုများကို ဝယ်ယူစုဆောင်းသွားမည် ဖြစ်သည်။ အဆိုပါ ချေးငွေကို ဖေဖော်ဝါရီ ၂ ရက်တွင် အတည်ပြုလိုက်ပြီဖြစ်ကြောင်း ပို့ကုန်-သွင်းကုန်ဘဏ်က ထုတ်ပြန်ထားသည်။
Project Vault သည် အမေရိကန် မော်တော်ကားလုပ်ငန်းကို အထောက်အကူပြုရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ကုမ္ပဏီများအနေဖြင့် ဈေးနှုန်းအတက်အကျ အန္တရာယ်များကို မိမိတို့၏ ဘဏ္ဍာရေးရှင်းတမ်းများတွင် ထည့်သွင်းစိုးရိမ်စရာမလိုဘဲ အမြောက်အမြား ဝယ်ယူစုဆောင်းနိုင်စေမည့် စနစ်တစ်ခုဖြစ်သည်။
ထို့အပြင် အရေးပေါ်အခြေအနေတွင် အသုံးပြုနိုင်ရန် ရက်ပေါင်း ၆၀ စာ သတ္တုလိုအပ်ချက်ကို အရန်သင့် ရှိနေစေရန်ဖြစ်ပြီး၊ လက်ရှိတွင် သတ္တုစုဆောင်းမှုလုပ်ငန်းများ စတင်နေပြီ ဖြစ်သည်။
