စစ်ကိုင်းမြို့တွင်း ပေါ်တာဆွဲရန်လာသည့် စစ်တပ် မိုင်းဆွဲခံရပြီး ၅ဦးသေဆုံးဟုဆို

ပုံစာ - တိုက်ပွဲဝင်ရဲဘော်တစ်ဦး။ (ပုံဟောင်း)
ဓာတ်ပုံ - လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့

စစ်ကိုင်းမြို့တွင်း၌ ပေါ်တာဆွဲရန်လာသည့် စစ်တပ်ကို PDFတို့ မိုင်းဆွဲခဲ့ရာ ၅ဦးသေဆုံးခဲ့ ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၂ရက်၊ နေ့ခင်း၁၁နာရီခန့်တွင် စစ်ကိုင်းမြို့၊ စစ်ကိုင်း-မုံရွာ-ရွှေဘိုလမ်း၊ စစ်ကိုင်းခရိုင် ချင်းဆက်လမ်းဆုံရှိ တင်းတိပ်ရပ်ကွက်၊ တင်းတိပ်ဆီဆိုင်ကွေ့၌ ပေါ်တာဆွဲရန်လာသည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

” ကားနဲ့လာချသွားတာ။ အင်အား ၃၀ လောက်။ မကြာခဏ လာပြီး ပေါ်တာဆွဲတာ အဲ့နေရာကို။ မိုင်း နှစ်လုံးနဲ့ဗျ။ သူတို့က ကျနော်တို့ မိုင်းပွိုင့်ရှေ့မှာ ပေါ်တာဆွဲဖို့ လူစုနေကြတဲ့အချိန် ဆွဲတာဆို တော့ အုပ်စုလိုက်ကြီး မိတာ” ဟု လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

စစ်သား ၅ဦး သေဆုံးမှုကို မျက်မြင်တွေ့ခဲ့ရပြီး ဒဏ်ရာရရှိသူလည်း များကြောင်းသိရသည်။

” Gun ငယ်တွေနဲ့ ရမ်းသန်းပစ်ပြီးထွက်ပြေးကြတာဗျ။ ဒဏ်ရာရဦးရေတော့အတည်မပြုနိုင်ဘူးဗျ။ များတယ်လို့ပဲ သိရတာ” ဟု ၎င်းက ဆက်လက်ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကိုင်းတပ်မ ၃၃မှ အိမ်စီးကား ၁၀စီးဖြင့် လာရောက်ခေါ်ဆောင် သွားကြောင်းသိရသည်။

စစ်တပ်သည် ပေါ်တာ‌ဆွဲဖမ်းဆီးမှုများ နေ့စဉ်ပြုလုပ်နေသောကြောင့် ပြည်သူများအနေဖြင့် အရေးကြီးကိစ္စမဟုတ်လျှင် လမ်းပေါ်သွားလာခြင်းမပြုရန် လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားသည်။

စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။

စာတည်း-ML